Image

Friday 22 January 2016

သီတင်းကျွတ် လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့

သီတင်းကျွတ် လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့

သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနစ်လမြောက်ဖြစ်ပြီး မိုးရာသီ ကုန်ဆုံး ကာ ခြေခင်းလက်ခင်း စတင်သာယာစပြုသော လလည်းဖြစ်သည်။ သီတင်းကျွတ် ပွဲတော်သည် မြန်မာတို့၏ ရိုးရာပွဲတော်များတွင် ထူးခြားလေး နက်သောပွဲတော်ဖြစ် ၏။

သီတင်းကျွတ်လပြည့်နေ့သည် မြန်မာဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် ဖြစ်ရခြင်းတွင် အကြောင်းရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် သက်တော်ထင်ရှား ရှိစဉ်က မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သား ကို မွေးကျေး ဇူး ဆပ်သောအနေဖြင့် တရား ဟောရန် မယ်တော်နတ် သားရှိရာ တာဝတိံသာ နတ်ပြည်သို့တက်၍ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာခုနစ် ကျမ်း ကို ဟော ကြားတော် မူသည်။

ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန် လည်ကြွချီတော်မူမည်ဟု မိန့်ကြားရာ သိကြားမင်း က ရွှေစောင်းတန်း ၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ဟူသော စောင်းတန်းသုံး သွယ် ဖန်ဆင်းပေး သည်။ မြတ်စွာဘုရားအား လူ့ပြည်ဖြစ်သော သင်္ကဿ နဂိုရ် ပြည်သူပြည်သားများသာမက သာဝတ္ထိပြည်၊ ဝေ သာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များ က တိုင်းသူပြည်သားများကပါ စုရုံးကြိုဆိုပူဇော်ကြသည်။ ဆွမ်း၊ ပန်း၊ ရေချမ်းများကပ်လှူသည့်အပြင် မီးရှူးမီးပန်းများ၊ ဆီမီးများထွန်းညှိပူဇော်ကြသည်။ ဤသည်ကို အကြောင်း ပြု၍ ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းသဘင်ဆင်ယင်ကြခြင်းဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့ကို ဝါကျွတ်ပွဲတော်နေ့၊ အဘိဓမ္မာအခါတော်နေ့၊ မီးထွန်းပွဲတော်နေ့၊ မဟာပဝါရဏာ နေ့ဟုလည်း အမြင်အမျိုးမျိုးဖြင့် သတ်မှတ်ခေါ်ဝေါ်နေကြသည်။ ဤအခေါ်အဝေါ်များမှာ ဗုဒ္ဓဘာသာဝင် များ နှင့် ဆက်နွှယ်သော အခေါ်အဝေါ်များဖြစ်ကြပြီး အခြားအခေါ်အဝေါ်များလည်း ရှိနိုင်ပါသေးသည်။

သီတင်း ကျွတ်လကို ''သတင်းကျွတ်၊ သီတင်းကျွတ်''ဟု မသုံးနှုန်းကြခင်က ''သန်တူလ''ဟု ခေါ်ခဲ့ကြသည်။ သန်တူလ-အခေါ်အဝေါ်နှင့်စပ်လျဉ်း၍ ပညာရှင်များလေ့လာခဲ့ကြရာ ရှေးခေတ်ကရေးထိုးခဲ့သော ကျောက်စာအချို့မှ အရေးအသား များကို တွေ့ကြရသည်။ ဓမ္မရာဇ်ဘုရားမင်စာ၌''သကရာဇ် ၅၅၈ ခု အာသတ်နှင့်သန်တူလဆန်း'' ဟူ၍လည်းကောင်း၊ မဟာထီ ဘုရားကျောက်စာတွင် ''သန္တူလဆုတ် ၇ ရက်၊ ကြာသပတိမ်နိယ်''ဟူ၍ လည်းကောင်း၊ စာသင်ဂူဘုရားကျောက်စာတွင် ''သကရာဇ် ၆၃၃ ခု သန္တူလဆန်း ၅ ရက်''ဟူ၍လည်းကောင်း ဖတ်ရှုကြရပါသည်။

ရှေးခေတ်ဗေဒင်နှင့်ဆေးကျမ်းများ တွင်လည်း ''သန်တူလ''ဟူ၍သာ သုံးစွဲခဲ့ကြကြောင်း တွေ့ရသည်။ ဝေါ ဟာရလိနတ္ထဒီပနီတွင် သန်တူလ၏ ဝသန္တမိုးဥတုကို''သန်''ဟု ရှေးလူကြီးသူမများက ခေါ်ဝေါ်ကြောင်း၊ ထူ ပါရုံဘုရားကျောက်စာတွင် မိုးကာလ၌ လုပ်ဆောင်ရသောလယ်ကို''သန် လယ်''၊ ဆောင်းဥတုအတွင်း လုပ်ကိုင် ရသောလယ်ကို''မုရင်းလယ်'' ဟု ရေး သားသည်ကို ယူဆရန်ရှိကြောင်း အဓိပ္ပာယ်ဖွင့်ပြထားပါသည်။ မိဿ ၊ ပြိဿ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် ဟူသော ရာသီ ၁၂ ခွင်တွင်''တူရာသီ''၌ သီ တင်းကျွတ်လ ကျရောက်သောကြောင့် အသဝနီနက္ခတ်နှင့် စန်းယှဉ်သည်ဟု နက္ခတ်ဗေဒ အမြင်ဖြင့် မှတ်တမ်းတင် ကြသည်လည်း ရှိပါသည်။

သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟုလည်း လူသိများကြ သည်။ မြတ်ဗုဒ္ဓသည် မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ညဉ့်ကုန် ဆုံးချိန်၌ ဗုဒ္ဓအဖြစ်သို့ရောက်တော်မူပါသည်။ ထို့နောက် ခုနစ် ဝါမြောက်တွင် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော''သန္တုဿိ တ''နတ်သားကို အမှူးပြု၍ နတ်ဗြဟ္မာ ပရိသတ်များအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ တရားတော် ကို ဟောကြားတော်မူခဲ့သည်။ ဝါဆိုလပြည့်နေ့ မှစ၍ ဟော ကြား ခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာတရားပွဲ ပြီးဆုံးသွား ပါသည်။

ထို့ကြောင့် သီတင်း ကျွတ်လပြည့်နေ့သည် နတ်ဗြဟ္မာပရိသတ် အား ဟောကြားသော မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားပွဲပြီး ဆုံးသည့်နေ့၊ ရှင်သာရိပုတ္တရာအား ဟောကြားသော မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရား ပွဲပြီးဆုံးသည့်နေ့၊ တပည့်ရဟန်းငါးရာတို့ အား ဟောကြားသော ရှင်သာရိပုတ္တရာ ၏ အဘိဓမ္မာတရားပွဲပြီးဆုံးသောနေ့၊ ဤကမ္ဘာလောကကြီး သို့ အဘိဓမ္မာတရား တော် အပြည့်အစုံရောက်သောနေ့ လည်း ဖြစ်လေ သည်။ ထိုအကြောင်းအရာများကြောင့်ပင် သီတင်းကျွတ် လပြည့်နေ့ကို လူအများက အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာက အဘိဓမ္မာတရားတော်ကို လူ့ပြည်တွင် စတင်မဟောဘဲ နတ်ပြည်သို့ သွားရောက်ဟော ရခြင်းတွင် အကြောင်းရှိ ပါသည်။

အဘိဓမ္မာသည်များပြားကျယ်ဝန်းခြင်း၊ နာရီပိုင်းဖြင့် အချိန်တိုအတွင်း တစ်ထိုင် တည်းပြီးဆုံးအောင်နာကြားရန် မလွယ်ကူခြင်း၊ ယခုလက်ရှိ အဘိဓမ္မာခုနစ်ကျမ်း၌ပင် စာမျက်နှာ ၄၉၄၁ ရှိခြင်း၊ အပြည့်အစုံဟော လျှင် နှုတ်လျှာ အလွန်လျင်မြန်သော မြတ်ဗုဒ္ဓသည်ပင် ရက်ပေါင်း ၉၀၊ နာရီပေါင်း ၂၁၆၀ နာရီ ဟောကြားခဲ့ရခြင်းစသော အကြောင်းများကြောင့် တစ်ထိုင်တည်း တရစပ်နာယူနိုင်သော နတ်ဗြဟ္မာများ ကိုသာ ဟောကြား ခဲ့ခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။

သီတင်းကျွတ်လပြည့်နေ့ကား ဗုဒ္ဓဘာသာဝင်တိုင်း အထွတ်အ မြတ် ထားကြရ သည့် အဘိဓမ္မာအခါတော်နေ့ လည်းဖြစ်ပေရာ ကောင်း မှုမြတ်နိုး ၊ ကောင်းအောင်ကြိုး၍၊ ကောင်း ကျိုးကိုယ်၌ တည်စေရေးအတွက် အားထုတ် ကြရန်သာ ရှိပါတော့သည်။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO