Image

Sunday 3 April 2016

သင်္ကြန်ဆိုသည်မှာ

သင်္ကြန်

သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များ ဖြစ်သောကြောင့် ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက် ဆိုင်ရာဘာသာဝင်များ ပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လ စိုက်" သည့်အနေဖြင့်ဆောင် သင့်သည်ကို ဆောင်၊ ရှောင်သင့်သည်ကို ရှောင်၍ ဗုဒ္ဓ၏ မင်္ဂလာ တရားတော် နှင့်အညီ မြန်မာ နှစ်သစ်ဦးကို ကြိုဆိုလေ့ ပြုမြဲဖြစ်ပါသည်။

"သင်္ကြန်ပွဲတော်"သည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ ပွဲတော်တခု ဖြစ်သည်။
"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာ ပြန်တော့ "သင်္ကြန်"ဟု ဖြစ်လာသည်။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် လည်သည်။
ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစ အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက်သည်။
ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟု ခေါ်လေသည်။
ကွဲပြားသောယူဆချက်လည်း ရှိသေး၏။
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိသည်။
သိကြားမင်းလူ့ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်သည်။ သိကြားမင်း မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ဖြစ် သောကြောင့် "သင်္ကြန်အကြိုနေ့" ခေါ်သည်ဟုလည်း အချို့ ယူဆကြ သေး၏။
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်သည်။
အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သော အချိန်နေ့ ရက် သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါသည်။
သင်္ကြန်အခါတော်သည် ဧပြီလအတွင်းကျရောက်လေ့ရှိသည်။ မြန်မာနှစ် ၁၁၀၁ တွင် ဧပြီလ ၁၀ ရက်နေ့မှာ သင်္ကြန်ကျခဲ့သည်။ ၁၁၆၂ တွင် ဧပြီလ ၁၁ ရက်၊ ၁၂၂၀ တွင် ဧပြီလ ၁၂ ရက်၊ ၁၂၆၃ တွင် ဧပြီလ ၁၃ ရက်၊ ၁၃၀၁ ခုလောက်မှ စ၍ ဧပြီလ ၁၄ ရက် သင်္ကြန်ကျ သည်။ ယခုနှစ် ၁၃၇၂ ခုနှစ်တွင်လည်း ဧပြီလ ၁၄ တွင် သင်္ကြန် ကျပါမည်။
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ကူးပြောင်း သည်ဟု ဆိုနိုင်သည်။
ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေ သည့် အတွက် လူတို့က အလေးအနက် ထားကာ အသိအမှတ်မပြုခဲ့ကြချေ-------။
ဂြိုဟ်အပေါင်းတို့၏မိခင် တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာ နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ် ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါသည်။
ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံး ပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြ သော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ကို သတိပြုစေ လိုပါသည်။
ထို့ပြင်ရှေးမြန်မာတို့သည်စူဠသင်္ကြန် ပွဲများကို ပြုလုပ် ကျင်းပလေ့ မရှိသောကြောင့် အနောက်ရောက် ရွှေမြန်မာတို့၏ ပွဲကို"မြန်မာ့ ရိုးရာ ဓလေ့ သင်္ကြန်ပွဲ" ဟုလည်း ဆင်ခြင် ပေးရန် ခက်ခဲပါသည်။
"ရေသဘင်ပွဲတော် " Water Festival ဟု ဆိုသော် သင့်မြတ်ဖွယ် ရှိပါသည်။
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို တွေ့ရပါသည်။
"အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာ သည်ဟုလည်း ကြံဆ ကြသည်။
ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုသည်။
"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။
နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်သည်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာ သည်။
၂၀၁၀ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ၁ နာရီ ၃၂ မိနစ်၊ ၅၄ စက္ကန့်တွင် သင်္ကြန်တက်ခဲ့၏။ အတာသင့်သော သောကြာသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါသည်။
"အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရို သေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ပူဇော်ခြင်းကို ဆိုလိုပါသည်။
၂၀၁၀ပြည့်နှစ်၏ သင်္ကြန်စာတွင် အတာစားပုံကို ဤသို့ တွေ့ရပေသည်။
"အတာသင့်သော သောကြာသားသမီးတို့သည် အတာ တက်သော အချိန်၌ ရတနာ ၇ ပါးဖြင့် ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာ သိကြား၊ စတုလောက ပါလ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တို့ အား မိမိတို့ ဆန္ဒရှိသော ၀တ္ထု ပစ္စည်းတို့ဖြင့် လှူဒါန်း ပူဇော်ပသ၍ တိထီမြေခံ အင်္ဂါ၏ ဂြဟဇာပွင့်ရာ အရပ်ဖြစ်သော အရှေ့တောင် အရပ်သို့ မျက်နှာမူပြီးလျှင် အတာ စားကုန် ရာသည်။"
အတာစားလိုက်သည့်အတွက် သောကြာသား သမီးများသည် တနှစ်လုံး လိုအင်ဆန္ဒ ပြည့်ဝ လာနိုင်သည်။ အနှောင့် အယှက် ကင်းသည်။
ကောင်းကျိုး ချမ်းသာ မင်္ဂလာသုခ အပေါင်းတို့ ပြည့်ဝ လာနိုင်ကြောင်း ၂၀၁၀ သင်္ကြန်စာတွင် ဖော်ပြပါ အတိုင်း တွေ့ရ၏။
"အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ပသေနဒီ ကောသလ မင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူ သည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။"
(သင်္ကြန်စာတွင် အတာစားသည့် အတွက် ကောင်းကျိုး ပြုပုံများကို မြတ်စွာ ဘုရားရှင်က ကောသလ မင်းကြီးအား ကိုယ်တော်တိုင် ဟောတော် မူခဲ့လေဟန် ရေးသားထား သော်လည်း ကောသလ သံယုတ် စသော ခိုင်ခံ့သော နိကာယ် ပါဠိတော်ကြီး များ၌ မလာရှိ ကြောင်း သိရပါ သည်။)
မင်္ဂလသုတ်တော်နှင့်အညီ ရတနာသုံးပါး၊ မိဘဘိုးဘွား ဆရာ သမား၊ သူတော်ကောင်း များကို ရိုသေခြင်း၊ ပေးလှူခြင်း စသည်တို့မှာ ကုသိုလ်နှင့် တွဲနေသော မင်္ဂလာ တရားတော်များ ဖြစ်သည့် အတွက် အပြစ်ကင်း၍ ပြုသင့် ပြုထိုက်သော အရာများ ဖြစ်ပါသည်။
"အတာအိုး"အကြောင်း ဆက်လက်တင်ပြပါမည်။
အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင် ရသည်။
ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြသည်။
နံပတ် ၇ မှာ တနင်္ဂနွေစသော ၇ ရက်ကို ကိုယ်စားပြုသည် ဟု သိရပါသည်။
သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက် ကာ ဆုတောင်းဆုယူပြုလေ့ရှိကြပေ သည်။
ယခုအခါ အတာအိုး ထားခြင်းဓလေ့သည် မြန်မာလူမှု နယ်ပယ်၌ ကွယ်ပျောက်စပြုလာ ချေပြီ----------။
သင်္ကြန်ကျပြီးနောက် ဦးခေါင်းဆေးမင်္ဂလာပြုကြရပါသည်။
၂၀၁၀ သင်္ကြန်စာတွင် "သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ် သောကြောင့် (၂၄) မိနစ် ရောက်သော အချိန်၌ ဦးခေါင်းဆေး မင်္ဂလာ ပြုရာ၏၊
ဤကားအများနှင့် ဆိုင်သော သာမည အခါပေတည်း။"ဟု ဆို ထားသည်။
သင်္ကြန်သည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိသည်။
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြသည်။
နိမိတ်ယူခြင်းပြုခဲ့ကြသည်။
ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြသည်။
ဆရာမောင်ထင်ကသူ၏ မြန်မာ ဆယ့်နှစ်လများစာအုပ်တွင် "သို့သော် လူကြီးများကား သင်္ကြန်နှစ်သစ်ကူးအခါတော်တွင် ကိုယ်နုတ်နှလုံးသုံးပါးစုံစင်ကြယ်စေသည် ဟူသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းကို ဆေးကြ လျှော်ကြသည်။
မြန်မာမင်းတို့လက်ထက်တွင်မူ ဘုရင်မင်းမြတ်တို့ ကိုယ်တိုင် ဦးခေါင်းဆေး မင်္ဂလာကို ကြီးမှုး၍ ကျင်းပသည်။
ထိုဦးခေါင်းဆေးမင်္ဂလာနှင့်စပ်လျဉ်း၍ လူငယ်တို့က လူကြီး တို့၏ ဦးခေါင်းကို တရော် ကင်ပွန်းတို့ဖြင့် ဆေးလျှော်ပေး၍ ကုသိုလ်ယူကြသည်။"ဟု ရေးသား ခဲ့သည်။
နေ့နံအလိုက် ဦးခေါင်းဆေးမင်္ဂလာပြုနည်းများကို သင်္ကြန်စာတွင် အသေးစိတ်လေ့ လာနိုင်ပါသည်။
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို ၂၀၁၀သင်္ကြန်စာတွင် အောက်ပါ အတိုင်း ဖော်ပြ ထားသည်။
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။
ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။
သုခဘာဂီ၊ ချမ်းသာခြင်း၏ အဘို့ဖြစ်ကုန်သော။ သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
သင်္ကြန်ကျပြီဆိုလျှင် ဘာကြောင့် ရေကစားကြသနည်း-----။
ရှေးခေတ်က ဘယ်လို ရေကစားကြသနည်း------။
ဝေဒပညာရှုထောင့်မှ ဤသို့ ဆိုကြသည်။ သင်္ကြန်ကျချိန်သည် အာပေါဓာတ် မိုးနက္ခတ် ရေ ရာသီ ငါးကြင်းရုပ် အမှတ်အသား ရှိသော မိန်ရာသီမှ ဆိတ်ရုပ် သဏ္ဍာန် ပူသော သဘော ရှိသော မိဿ ရာသီသို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်းဝင် လာခြင်းဖြစ်သည်။
ကူးပြောင်းသောရာသီအိမ် အလျောက် သင်္ကြန်ရေ တို့ဖြင့် ကြိုဆို ပက်ဖျန်းကြခြင်းဖြင့် ရှေးအခေါ် "ရေဖျန်း သဘင်"ဖြစ်ပေါ် လာခဲ့ပါသည်။
ရှေးမြန်မာမင်းများလက်ထက်က ရေဖျန်းသဘင်ကို နံနက် နှင့် ညနေအချိန်များတွင် သာ ကျင်းပစေခဲ့သည်။
ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ်အမွေးနံ့သာ ထုံရည်များကို အပြည့်ဖြည့်၍ သပြေခက်ဖြင့် ယဉ်ကျေးစွာ တဦးကို တဦးရေပက်ခြင်း၊ ရေကစားခြင်းပြုခဲ့ကြ သည်။
ဆရာမောင်ထင် ကမူ ဂွမ်းဆွတ်၍ ရေလောင်း ကြသည်ဟု ဆိုထားပေ၏။
"သင်္ကြန်ရေက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။
ရေသည် မေတ္တာ ဓာတ်ကို တင်စားသည်။
ရေကစားကြသည်မှာ ' ရေလိုအေး၍ ပန်းလိုလန်းပါစေ'ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်သည်။
ရှေးက ဤအနက် အဓိပ္ပါယ်ကို ၀ိသေသ ထူးစေခြင်းငှါ "ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်သော" အမွှေးအကြိုင်တို့ကို ဖလားတွင် ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်။ "
(ဆရာမောင်ထင်)
ယနေ့ခေတ်တွင် သင်္ကြန်ရေလောင်းခြင်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အတွက် အရေးပါ သောပွဲတော် တခု ဖြစ်လေဟန် ဟောပြောလာ သည်ကို တွေ့ရ၏။
"သင်္ကြန်ရေထိလျှင် ပြုထား သမျှ အကုသိုလ်တွေ ကင်းစင်သွားကြောင်း " အမေရိကန်နိုင်ငံ၊ မြို့တော် တခုရှိ မြန်မာဗုဒ္ဓ ဘာသာအသင်း၏ ဥက္ကဋ္ဌ အဖြစ်တာဝန် ယူထားသူ ဆရာဝန် တဦးက အင်္ဂလိပ်ဘာသာဖြင့်ဟော ပြောသည်ကို စိတ်ပျက်ဖွယ် ကြားနာရဖူး၏။
အမှန်အားဖြင့် သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာ သာနှင့် ပတ်သက် ဆက်နွယ်ခြင်း အလျဉ်းမရှိပါချေ--------။
သင်္ကြန်ပွဲလူစည်ကား ရေးအတွက် ဗုဒ္ဓဘာသာကို ခုတုံးလုပ် အလွဲအသုံးချ တာမျိုး မလုပ်သင့်ကြောင်း သတိပြုသင့် ပေသည်။
မြန်မာသမိုင်းတွင် ပုဂံဘုရင် နရသီဟပတေ့ ခေါ် တရုတ်ပြေး မင်း လက်ထက် အေဒီ၁၃ ရာစုတွင် ကျင်းပခဲ့သော ရေဖျန်းသဘင်မှာ ရှေးအကျဆုံး ဖြစ်သလို အကြမ်း တမ်းဆုံး ပွဲလည်း ဖြစ်ခဲ့၏။
ပုဂံဘုရင်နရသီဟပတေ့သည် တရုတ်ဆွန်မင်းဆက်ဘုရင်တို့၏ ဟန်ကျိုးနန်းတော် တည်ဆောက်ပုံနှင့် ရေချိုးကန်စီစဉ်ထားပုံကို အလွန်သဘောကျသည်။
အချိန်မရွေး ရေသ ဘင်ပွဲဆင်နွဲနိုင်ရန် စက်တော်ခေါ်ရာ ခန်းမဆောင်မှ ဧရာဝတီမြစ် ကမ်းပါးရှိ ရေချိုးကန်အထိ တိုက်ရိုက် သွား ရောက် နိုင်သည့် လုံခြုံရေး ဥမင်တံတိုင်းကို တည်ဆောက် စေသည်။
ရှင်ဘုရင် မြို့ပြင် ထွက်ကြောင်း လူသူလေးပါးတို့အကြား သတင်း မပေါက်ကြား စေရန် ရည်ရွယ်ပြီး တည် ဆောက်ခြင်း ဖြစ်သည်။
နေအပူပြင်းဆုံးအချိန် တန်ခူးလတွင် ပုဂံဘုရင်သည် ရေသဘင်ပွဲကို မိဖုရား၊ မောင်းမမိ ဿံ အမျိုးသမီး ပရိသတ်များ နှင့်သာ တပျော်တပါး ဆင်နွှဲလေသည်။
ဘုရင်သည် သူအလွန်ချစ် မြတ်နိုးသော မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် မိဖုရား၏ ဦးခေါင်းပါ မကျန်တကိုယ်လုံး ရွှဲရွှဲစို အောင် ရေပက်စေသည်။
ရေပက်ကြမ်းသော ဘုရင်ကို မိဖုရားစိတ်ခုသည့်အတွက် ပွဲတော်စာတွင် အဆိပ်ထည့်ကာ လုပ်ကြံသော်လည်း ကံကောင်း ထောက်မပြီး ပွဲတော်မတည်မီ အစာတွင် အဆိပ် ထည့်ထားကြောင်း ဘုရင်သိသွားသည်။
လုပ်ကြံသူမိဖုရားစောလုံကို ဘုရင် က သေဒဏ်ပေးသည်။
ဤသို့ဖြင့် ပုဂံဘုရင်၏ ရွှင်မြူးဖွယ် ရေသဘင် ပွဲသည် ၀မ်းနည်း ပူဆွေး ဖွယ်ဖြစ်ရပ်နှင့် နိဂုံးချုပ် ခဲ့ရသည်။
ပုဂံဘုရင်သည် မိဖုရားစောလုံသေဆုံးပြီးနောက်ပိုင်း နောင်တရကာ စိတ်ဓာတ်ချောက် ခြားပြီး "စောလုံ လာလှည့်၊ စောလုံ စောင့်ခလှဲ့၊ စောလုံကို ကျုပ်တောင်းပန်ရမယ်"ဟု မကြာခဏ မြည်တမ်း ယောင်ယမ်း သည်ဟူ၏။
"ကျီစားသန်၍ ရန်များ"ခဲ့ရသည့် ပုဂံဘုရင်နှင့်မိဖုရားစောလုံဖြစ်ရပ်ကို ပမာပြု၍ ရေက စားသောအခါ တဦးနှင့်တဦး အလွန်အကျွံ ပြောင်လှောင်ကျီစယ်ခြင်းမပြုလုပ်ရန်၊ ယဉ်ကျေး သိမ်မွေ့စွာ ရေကစားကြရန် လူကြီးမိဘများက သတိပေးဆုံးမကြလေသည်။

သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြ ထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များ ဖြစ်သောကြောင့် ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက် ဆိုင်ရာဘာသာဝင်များ ပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လ စိုက်" သည့်အနေဖြင့်ဆောင် သင့်သည်ကို ဆောင်၊ ရှောင်သင့်သည်ကို ရှောင်၍ ဗုဒ္ဓ၏ မင်္ဂလာ တရားတော် နှင့်အညီ မြန်မာ နှစ်သစ်ဦးကို ကြိုဆိုလေ့ ပြုမြဲဖြစ်ပါသည်။

Credit အမရဒီပ,

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO