Image

Thursday 21 January 2016

အလှူအတန်းရက်ရောခြင်းကအသက်ရှည်စေနိုင်

အလှူအတန်းရက်ရောခြင်းကအသက်ရှည်စေနိုင်

ချစ်သူခင်သူများအားငွေကြေး လှူဒါန်းပေးကမ်းခြင်းကြောင့်ပျော်ရွှင်မှုတိုးပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်းလေ့လာမှု တစ်ခုအရသိရသည်။

ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ်မှသုတေသန ပညာရှင်များသည်ငွေကြေးပေးကမ်းခြင်းက ကျန်းမာရေးအပေါ်သက်ရောက်မှုရှိမရှိကို သိရှိလိုသောကြောင့်လေ့လာမှုများကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။၁၉၉၉ခုနှစ်တွင်ပုံနှိပ်ဖော်ပြခဲ့သည့် သုတေသနတစ်ခုတွင်လည်းအခြားလူများကို ကူညီခြင်းနှင့်ရုပ်ပိုင်းကျန်းမာရေး ကောင်းမွန်ခြင်းတို့ကြားဆက်စပ်နေကြောင်း ဖော်ပြထားသည်။

ယင်းသုတေသနတွင်ပညာရှင်များသည်အသက်(၅၅) နှစ်နှင့်အထက်လူကြီးများကိုလေ့လာခဲ့သည်။ အလေ့လာခံများအားအဖွဲ့အစည်းမည်မျှကို ကူညီသည်၊စေတနာ့ဝန်ထမ်းအဖြစ်နာရီမည်မျှ လုပ်ကိုင်ခဲ့သည်တို့ကိုပြောဆိုစေခဲ့သည်။ ယင်းနောက်တွင်၎င်းတို့၏ရုပ်ပိုင်းကျန်းမာရေးကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ငါးနှစ်အကြာတွင်အခြားလူများကိုကူညီခဲ့သည်ဟု ပြောဆိုခဲ့သည့်လူကြီးများအနက်(၄၄)ရာခိုင်နှုန်းမှာ အသက်ရှင်နေသေးကြောင်းတွေ့ရှိခဲ့သည်။ ယခုလေ့လာမှုတွင်မူသုတေသနပညာရှင်များသည် အလေ့လာခံများ၏သွေးပေါင်ချိန်ကိုလေးနှစ်တာ ကာလအတွင်းအကြိမ်ကြိမ်တိုင်းတာခဲ့သည်။

ပထမအကြိမ်သွေးပေါင်ချိန်မတိုင်းမီ(၁၂)လ အတွင်းတစ်ပတ်လျှင်လေးနာရီခန့်စေတနာ့ဝန်ထမ်း လုပ်ဆောင်ခဲ့သည့်လူကြီးများသည် လေးနှစ်အကြာတွင်သွေးပေါင်ချိန်မတက်ဘဲ ရှိနေသည်ကိုတွေ့ရှိခဲ့သည်။အခြားလူများအား ကူညီခြင်းကြောင့်စိတ်ဖိစီးမှုနည်းပါးပြီး လမ်းလျှောက်နှုန်းနှင့်ခန္ဓာကိုယ်အင်အားတိုး လျော့ကျသွားလေ့မရှိကြောင်းအခြား လေ့လာမှုများတွင်လည်းဖော်ပြထားသည်။

ယခုလေ့လာမှုတွင်အသက်(၆၅မှ၈၅)နှစ်ကြား လူကြီး(၁၂၈)ဦးတို့အားတစ်ပတ်လျှင်ဒေါ်လာ(၄၀) နှုန်းဖြင့်သုံးပတ်ဆက်တိုက်ပေးအပ်ခဲ့သည်။ အလေ့လာခံထက်ဝက်ခန့်အားငွေများကို ၎င်းတို့ဘာသာသုံးရန်ပြောဆိုခဲ့ပြီးကျန်ထက်ဝက်ကိုမူ အခြားလူများနှင့်ဝေမျှသုံးစွဲရန်ပြောဆိုခဲ့သည်။

အလေ့လာခံများသည်ဒေါ်လာ(၄၀)ကို တစ်ရက်အတွင်းကုန်အောင်သုံးရမည်ဖြစ်ပြီး ၀ယ်ယူခဲ့သည့်ပစ္စည်းများ၏ငွေရပြေစာများကို သိမ်းဆည်းထားရန်ပြောဆိုခဲ့သည်။ အလေ့လာခံများ၏သွေးပေါင်ချိန်အားမစမ်းသပ်မီ၊ စမ်းသပ်နေစဉ်နှင့်စမ်းသပ်ပြီးနောက်တို့တွင် တိုင်းယူခဲ့သည်။

စမ်းသပ်မှုမပြုမီတွင်သွေးပေါင်တက်နေသည့် လူကြီးများသည်အခြားလူများကိုငွေကြေးအကူအညီ ပေးပြီးနောက်သွေးပေါင်ကျသွားလေ့ရှိကြောင်း ပညာရှင်များတွေ့ရှိခဲ့သည်။

လူလူငြိမ်း

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO