Image

Friday 19 February 2016

အအိပ်နည်းကြသူများအကြောင်း

လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဇီဝရုပ်ဖြစ်ပျက်ခြင်းလိုအပ်ချက် ဇီဝနာရီစည်းချက် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှု မွေးဖွားရာကြီးပြင်းရာပတ်ဝန်းကျင် ခံယူချက်နှင့် တုန့်ပြန်မှု တို့သည် တူသယောင်ယောင်နှင့်မတူကြပါ ။ ယခုဆောင်းပါးပါ ကမ္ဘာကျော်အောင်မြင်သောသူတိုင်း အအိပ်အနေ နဲပါးသော်လည်း တကယ့်လက်တွေ့ထဲရှိ ကမ္ဘာကျော်တိုင်း ဤကဲ့သို့ အအိပ်အနေ မနည်းပါးကြပါ ။ ဤဆောင်းပါးပါ အကြောင်းအရာကို မူတည်၍ လူကြီးမိဘများက လူငယ်ကျောင်းသားများကို တစ်ယောက်ချင်းစီ၏ မတူကွဲပြားမှုကို လစ်လျူရှု၍ အိပ်ချိန်ကို ကန့်သတ်ပြစ်ပါက အကောင်းထက် အဆိုးသာ ဖြစ်တန်ရာများလှသည် ။ အထူးသဖြင့် မှားယွင်းနေသော ပညာရေးစနစ်အောက်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသားလူငယ်တို့ကို ရည်ညွှန်းပါသည် ။ တွေးခေါ်စွမ်းရည်မြင့်မားနိုင်ကြပါစေ ။


Yahoo ရဲ့ CEO Marissa Mayer

Mayer ဟာ Google မှာလုပ်ခဲ့ကတည်းက အလုပ်အရမ်းလုပ်တယ်လို့ နာမည်ကြီးပြီး တခါတလေ တစ်ပတ်ကို နာရီ (၁၃၀) အထိအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ အိပ်ချိန်လည်းနည်းနည်းလေး ထားပါတယ်။
အိပ်ချိန် လေးနာရီကနေ ခြောက်နာရီအထိပဲ ရှိပါတယ်။ လေးလတစ်ကြိမ် ခွင့်ရက်သတ္တပတ်ရှည် ယူပြီး အနားယူလေ့ရှိပါတယ်။


Twitter တည်ထောင်သူနှင့် Square CEO Jack Dorsey

Jack Dorsey ဟာ တည်ထောင်ကာစ နည်းပညာကုမ္ပဏီနှစ်ခုကို ဦးဆောင်ခဲ့သူဖြစ်တာမို့ အနားယူချိန်လည်း များများစားစားမရှိပါဘူး။ Sqare ကုမ္ပဏီအတွက် တစ်နေ့ (၈) နာရီကနေ (၁၀) နာရီထိ အချိန်ပေးပြီး Twitter အတွက်လည်း တစ်နေ့ (၈) နာရီကနေ (၁၀) နာရီထိ အချိန်ပေးသူဖြစ်ပါတယ်။ ဒါကြောင့်အိပ်ချိန်လည်း (၆) နာရီခန့်သာ ရလေ့ရှိပါတယ်။ တခါတလေ ခရီးသွားရလျှင် ဒီထက်တောင် နည်းနိုင်ပါသတဲ့။


Trump Organization ဥက္ကဌ Donald Trump

Donald Trump ဟာ ပြိုင်ဘက်တွေကို အသာစီးရဖို့ တစ်နေ့ (၃) နာရီကနေ (၄) နာရီအထိသာ အိပ်သူဖြစ်ပါတယ်။


PepsiCo CEO Indra Nooyi

၂၀၀၇ ခုနှစ်မှာ အလုပ်စဝင်ကတည်းက ကမ္ဘာ့အထင်ရှားဆုံး အမျိုးသမီးလုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်လာသူ Indra Nooyi ဟာ တစ်နေ့ (၄) နာရီသာအိပ်သူဖြစ်ပါတယ်။
ယေးလ်တက္ကသိုလ်မှာ မဟာဘွဲ့သင်တန်းတက်နေစဉ်အတောအတွင်း ကျောင်းစရိတ်အတွက် ညသန်းခေါင်ယံကနေ နံနက်ငါးနာရီအထိ ဧည့်ကြိုအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။


Aruba Network CEO Dominic Orr

Dominic Orr ဟာ တစ်နေ့လေးနာရီခန့်သာ အိပ်စက်သူဖြစ်ပါတယ်။ နေမထွက်ခင်အိပ်ရာကထတတ်ပြီး ညနေခင်းအထိ အလုပ်လုပ်သူဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်များအတွင်းက HP ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့စဉ် တစ်နေ့ (၁၈) နာရီအထိ အလုပ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။ အိမ်မှာနားတဲ့အချိန်အနည်းငယ်အတွင်းမှာတောင် အလုပ်ကိစ္စ ဖုန်းဆက်ခြင်း၊ Email ဖတ်ခြင်းတို့ကိုပါ ပြုလုပ်တတ်သူဖြစ်ပါတယ်။


MSNBC အစီအစဉ်မှူး Willie Geist

Willie Geist ရဲ့ ရုပ်သံအစီအစဉ်ဟာ မနက် ငါးနာရီမှာစတင်ပါတယ်။ ဒီလိုစနိုင်ဖို့ မနက်သုံးနာရီခွဲကတည်းက အိပ်ရာထသူဖြစ်ပါတယ်။
““ခင်ဗျားခန္ဓာကိုယ် အားအင်ကုန်ခမ်းနေတဲ့အခြေအနေမျိုးမှာ လေးနာရီလောက်အိပ်လိုက်ပါ။ ပြီးတာနဲ့ ငါတစ်ညလုံးအိပ်ထားတယ်။ ငါဒေါ်လာသန်းပေါင်းများစွာ ချမ်းသာလာသလို ခံစားရတယ်လို့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြောကြည့်ပါ”” လို့ Bloomberg Bussinessweek အတွက် ရေးတဲ့ဆောင်းပါးတစ်ခုမှာ Geist က ဖော်ပြထားပါတယ်။


Fiat CEO Sergio Marchionne

Fiat ကားကုမ္ပဏီကို ပြန်ဝင်လာတဲ့အချိန်နှင့် Chrysler ကား ကုမ္ပဏီကို ပြန်လည်ဦးမော့လာစေတဲ့ စွမ်းဆောင်မှုများကြောင့် Marchionne ဟာ မော်တော်ကားလောကမှာတော့ အတော်လေး နာမည်ကြီးသူဖြစ်ပါတယ်။
သူဟာ တစ်နေ့လေးနာရီသာ အိပ်ပြီး ကော်ဖီ၊ စီးကရက်တို့နှင့် မအိပ်ချင်အောင် အားဖြည့်တတ်သူဖြစ်ပါတယ်။


PepsiCo CEO ဟောင်း Steve Reinemund

မနက်ငါးနာရီပုံမှန်ထပြီး လေးမိုင်ခရီးပြေးတတ်သူဖြစ်ပါတယ်။ တစ်နေ့ ငါးနာရီမှ ခြောက်နာရီထအိပ်ပါတယ်။
ည ၁၁း၀၀ နာရီပုံမှန်အိပ်ရာဝင်ပြီး မနက်အိပ်ရာထဖို့ နှိုးစက်ပေးစရာမလိုဘူးလို့ ဆိုပါတယ်။


ဖက်ရှင်ဒီဇိုင်နာနှင့် ဒါရိုက်တာ Tom Ford


ဖက်ရှင်ဒီဇိုင်းလောကမှာ ဝင်ရောက်လုပ်ကိုင်ဖို့ နယူးယောက်တက္ကသိုလ်ကနေ ကျောင်းထွက်လိုက်တဲ့ Tom Ford ဟာ သိပ်မကြာခင်မှာပဲ Gucci ရဲ့ ဒီဇိုင်းဒါရိုက်တာရာထူး ရရှိခဲ့ပါတယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ Gucci ရဲ့တန်ဖိုးဟာ (၉၀) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
Tom Ford ဟာ တစ်နေ့သုံးနာရီသာ အိပ်စက်သူဖြစ်ပါသတဲ့။


Southwest Airlines ပူးတွဲတည်ထောင်သူ Herb Kelleher


Southwest လေကြောင်းလိုင်းမှာ အလုပ်လုပ်စဉ်အခါက တစ်နေ့လေးနာရီသာ အိပ်ခဲ့သူဖြစ်ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန် လုပ်ခဲ့ခြင်းကြောင့် Southwest လေကြောင်းလိုင်းဟာ တရစပ်တည်းအကျိုးဖြစ်ထွန်းနေတဲ့ လေကြောင်းလိုင်းအနည်းစုထဲမှာ ယနေ့ထက်တိုင် ပါဝင်နေဆဲဖြစ်ပါတယ်။


Life way Foods CEO Julie Smolyansky


Smolyansky ဟာ သူမအဖေတည်ထောင်ခဲ့တဲ့ နို့ထွက်ပစ္စည်းကုမ္ပဏီကို ၂၀၀၂ ခုနှစ်၊ အသက် (၂၇) နှစ်အရွယ်မှာ လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ သူမဟာ တစ်နေ့လေးနာရီသာ အိပ်ခဲ့ရတဲ့ ညတွေ များစွာရှိခဲ့တယ်လို့ Fortune နှင့်အင်တာဗျူးမှာ ဖြေကြားထားပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleeza Rice

သမ္မတဂျော့ဘုရှ်လက်ထက် နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ Condoleeza Rice ဟာ ကမ္ဘာအနှံ့ ခရီးထွက်နေပေမယ့် ဘယ်နေရာရောက်ရောက် မနက်တိုင်း ၄း၃၀ အိပ်ရာထပြီး အားကစားခန်းမ သွားတတ်သူဖြစ်ပါတယ်။


အမေရိကန် စစ်ဗိုလ်ချုပ်ဟောင်း Stanley McChrystal

အာဖဂန်နစ္စတန်အခြေစိုက် နေတိုးတပ်ဖွဲ့ဝင်များနှင့် အမေရိကန်စစ်တပ် ဗိုလ်ချုပ်တစ်ယောက်အတွက် အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အနားယူချိန် များများလိုတယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဗိုလ်ချုပ် Stanley McChrystal ဟာ တစ်နေ့ထမင်းတစ်နပ်သာစားပြီး လေးနာရီသာအိပ်သူဖြစ်ပါတယ်။


အမေရိကန်သမ္မတ ဘာရက်အိုဘားမား

သမ္မတအိုဘားမားဟာ သန်းခေါင်ကျော်မနက် ၁း၀၀ နာရီမှ အိပ်ရာဝင်တတ်ပြီး မနက် ၇း၀၀ နာရီဆိုတာနှင့် အိပ်ရာထတတ်သူဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအိပ်ချိန်ခြောက်နာရီကို ဘယ်တော့မှအပြည့်အဝမရပါဘူး။ သမ္မတရဲ့ မဆိုစလောက်အိပ်ချိန်အတွင်းမှာ အရေးကြီးကိစ္စတွေပေါ်လာတိုင်း သမ္မတကိုနှိုးသင့်၊ မနှိုးသင့်စဉ်းစားရတာဟာ အိမ်ဖြူတော်ဝန်ထမ်းများအတွက် အတော်လေးခေါင်းခဲစေတဲ့ အလုပ်တစ်ခုဖြစ်ပါသတဲ့။


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်

သမ္မတသက်တမ်းအတွင်း ဘီလ်ကလင်တန်ဟာ တစ်နေ့ငါးနာရီမှ ခြောက်နာရီအတွင်း အိပ်စက်သူဖြစ်ပါတယ်။ ကြီးကြယ်တဲ့ပုဂ္ဂိုလ်များဟာ အိပ်ချိန်နည်းနည်းပဲ လိုအပ်တယ်လို့ Gerogetown တက္ကသိုလ်ပါမောက္ခတစ်ဦးက အကြံပေးခဲ့တဲ့အတိုင်း လိုက်နာတာဖြစ်တယ်လို့ ကလင်တန်ကဆိုပါတယ်။


သောမတ်အက်ဒီဆင်၊ ဘင်ဂျမင်ဖရန်ကလင်၊ နီကိုလာတက်စလာ၊ မာဂရက်သက်ချာ


တီထွင်သူကြီး အက်ဒီဆင်ဟာ တစ်နေ့သုံးနာရီမှ လေးနာရီထိသာ အိပ်ပါတယ်။ ဂူအောင်းလူသားများခေတ်ကတည်းက ဆက်ခံရရှိခဲ့တဲ့ အကျင့်ကြောင့် လူသားတွေအိပ်စက်ရခြင်းဖြစ်တယ်လို့ အက်ဒီဆင်ကဆိုပါတယ်။

ဘင်ဂျမင်ဖရန်ကလင်ရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိမှာ ဖော်ပြထားချက်အရ ည ၁၁း၀၀ နာရီမှာ အိပ်ပြီး မနက် ၄း၀၀ နာရီမှာ ပြန်ထတယ်လို့ သိရပါတယ်။

အက်ဒီဆင်နှင့် ဘင်ဂျမင်ဖရန်ကလင်တို့ထက် အလုပ်ပိုလုပ်တဲ့ တက်စလာဟာ တစ်နေ့နှစ်နာရီခန့်သာ အိပ်တတ်ကြောင်း နီးစပ်တဲ့မိတ်ဆွေတစ်ဦးရေးတဲ့ အထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။

ဗြိတိန်ရဲ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ မာဂရက်သက်ချာဟာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း တစ်နေ့လေးနာရီသာအိပ်ခဲ့ပါတယ်။


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO