Image

Saturday 26 March 2016

ဒန့်သလွန်နှင့် ကျန်းမာရေး

ဒန့်သလွန်ရွက်ကို မကြာခဏစားရင်ရရှိနိုင်တဲ့
ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်..
အရေးပါတဲ့ အကျိုးကျေးဇူးတွေအနေနဲ့ကတော့..
(၁) အာဟာရချို့တဲ့ခြင်းကနေ ကာကွယ်ပေးခြင်း
(၂) ရောဂါပိုးများ နှိမ်နင်းနိုင်ခြင်း
(၃) ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း
(၄) သွေးတိုးနှင့် နှလုံးရောဂါများမှ ကာကွယ်ပေးခြင်း
(၅) ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း
(၆) အခြားအထွေထွေအာနိသင် တို့ပဲဖြစ်ပါတယ်..
ဒန့်သလွန်ရွက်ဟာ အာဟာရဓာတ်မြင့်မားစွာ ပါတဲ့အတွက် မှန်မှန်စားခဲ့ရင်
အာဟာရဓာတ်မချို့တဲ့အောင် ကာကွယ်ပေးတဲ့နေရာမှာ
များစွာအထောက်အကူပြုပါတယ်..
သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ကလေးသူငယ်တွေနဲ့
သက်ကြီးရွယ်အိုတွေအတွက် များစွာအကျိုးရှိလှပါတယ်..
ဒါ့ကြောင့်မို့ အခုအခါမှာ အာဟာရဓာတ်ချို့တဲ့တဲ့နေရာတွေမှာ
ဒန့်သလွန်ပင်တွေစိုက်ပျိုးပြီး လူတွေစားသုံးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်..
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Johns Hopkins University ရဲ့
လေ့လာတွေ့ရှိချက်အရ အာဖရိကမှာရှိတဲ့ အာဟာရချို့တဲ့မှုကို
တိုက်ဖျက်ရာမှာ ဒန့်သလွန်ရွက်ဟာ အသင့်တော်ဆုံးလို့ ဆိုပါတယ်..
သဘာဝသစ်သီးသစ်ရွက်တွေမှာ ကင်ဆာမဖြစ်အောင်
ကာကွယ်တားဆီးနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေတယ်ဆိုတာ
သိပ္ပံပညာရှင်တွေ သိရှိဖော်ထုတ်ပြီးဖြစ်ပါတယ်..
အဲ့ဒီအထဲမှာ ဒန့်သလွန်ရွက်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်..
၂၀၁၄ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Asian Pacific Journal of Cancer Prevention ရဲ့
အဆိုအရ ဒန့်သလွန်ရွက်မှာ ကင်ဆာရောဂါမဖြစ်အောင်
ကာကွယ်ပေးနိုင်တဲ့ Thiocarbamate ဆိုတဲ့ဓာတ်ပစ္စည်းနဲ့
Isothiocyanate ဆိုတဲ့ဓာတ်ပစ္စည်းတွေပါဝင်ပြီး သူတို့ဟာ
ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်လို့
သိပ္ပံနည်းကျ လေ့လာတွေ့ရှိခဲ့ပါတယ်..အထူးသဖြင့်
Adenocarcinoma အမျိုးအစားကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်..

ဒန့်သလွန်ရွက်ဟာသွေးထဲမှာရှိတဲ့ အဆီပမာဏကို
လျှော့ချပေးနိုင်စွမ်းရှိပါတယ်.. သွေးထဲမှာရှိတဲ့
ကိုလက်စရောကိုချပေးတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါ
ဝေဒနာသည်တွေအတွက် အကျိုးရှိပါတယ်..ဒါ့အပြင်
သူကဆီးရွှင်စေတဲ့အာနိသင် (Diuretic effect) ရှိတဲ့အတွက်
သွေးပေါင်ချိန်ကျစေဖို့ အထောက်အကူပြုပါတယ်..ဒါ့ကြောင့်
ဒန့်သလွန်ရွက်ကို သွေးပေါင်ကျနေသူတွေအနေနဲ့
များများမစားသင့်ပါဘူးလို့ ပညာရှင်တွေက အကြံပြုထားပါတယ်..
အရွက်သာမကဘဲ ဒန့်သလွန်ပင်ရဲ့ကျန်အစိတ်အပိုင်းတွေဖြစ်တဲ့
အသီး၊ အစေ့၊ အခေါက်နဲ့ အမြစ်တွေမှာလည်း အခုလိုအာနိသင်တွေ ရှိပါတယ်..

အခြားကျန်းမာရေးအထောက်အကူပြု အကျိုးကျေးဇူးတွေလည်း
ရနိုင်ပါသေးတယ်..အဲ့ဒီထဲကအရေးကြီးတာတွေကိုပြောရရင်-
(က) အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ပိုကောင်းစေပါတယ်..
အသည်းရောင်တာ၊ အသည်းခြောက်တာတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်..
(ခ) အရောင်ကျစေတဲ့ အာနိသင်ရှိတော့ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေ
ရောင်တာကို လျော့နည်းစေပါတယ်..
(ဂ) အင်တီအောက်ဆီဒင့်အာနိသင် ပေးပါတယ်..
(ဃ) ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပါတယ်..
(င) အသက်ကြီးတဲ့လူတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်..
(စ) ပန်းနာရင်ကြပ်ကိုသက်သာစေပါတယ်..
ဒန့်သလွန်ရွက်ဟာ ရေသေသေချာချာဆေးပြီး ဟင်းခါးလုပ်သောက်လေ့ရှိတော့
သူ့မှာပါဝင်တဲ့အာဟာရဓာတ်တွေ ဆုံးရှုံးမှု ရှိ/မရှိ
ပညာရှင်တွေလေ့လာပြီးသား ဖြစ်ပါတယ်..
ဟင်းခါးကို ပထမအကြိမ်ချက်စဉ်မှာ အပူချိန်ကို ကြာကြာမပေးဘဲ
ရေပွက်ပွက်ဆူပြီး (၁၀) မိနစ်လောက် အကြာမှာစားမယ်ဆိုရင်
အာဟာရဓာတ်အပြည့်အဝနီးပါး ရရှိပါတယ်..
ဆက်ပြီးအပူပေးထားရင်တော့ အချို့သောအာဟာရဓာတ်တွေဟာ
အပူကြောင့် ပျက်စီးသွားတတ်ပါတယ်..ဥပမာ ဗီတာမင်စီ လိုမျိုးဟာ
အပူပေးချိန်ကြာလေလေ ပိုပျက်စီးလေဖြစ်တော့ မီးဖိုပေါ်မှာ
အကြာကြီး အပူမပေးသင့်ပါဘူး..စားလို့ရတဲ့ အတိုင်းအတာကိုသာ
အပူပေးသင့်ပါတယ်..နောက်ပိုင်းပြန်စားရင်လည်း ပွက်ပွက်ဆူတဲ့အထိ
အပူပြန်မပေးဘဲ စားလို့ကောင်းရုံ ခပ်နွေးနွေးသာ အပူပေးပြီးစားရပါမယ်..
ဒန့်သလွန်သီးဟာ ကျွန်တော်တို့နိုင်ငံမှာ ပေါပေါများများရရှိနိုင်ပြီး
ဈေးနှုန်းလည်းချိုသာတာကြောင့် အသက်အရွယ်မရွေး
မကြာခဏစားသုံးပေးသင့်တဲ့ ကျန်းမာရေးအထောက်အကူပြု
ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်လို့ သတင်းကောင်းပြောကြားပါရစေ..

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO