Image

Thursday 3 March 2016

သမိုင်းထဲက တောင်သူလယ်သမားနေ့

သမိုင်းထဲက တောင်သူလယ်သမားနေ့

ကျွန်တော်ကတော့ မြန်မာပြည်ကြီး စစ်ကျွန်ဖြစ်တဲ့နေ့၊ စစ်အာဏာရှင်တို့လက်အောက် စတင်ကျရောက်တဲ့နေ့လို့ ဆိုချင်ပါတယ်။ လွန်ခဲ့တဲ့ ၅၄ နှစ်က ဒီလိုနေ့မှာပေါ့။
တိုးတက်ဘို့အလားအလာကောင်းတဲ့မြန်မာနိုင်ငံ၊ ချမ်းသာတဲ့မြန်မာနိုင်ငံ၊ ပညာတတ်တွေ ပေါများတဲ့မြန်မာနိုင်ငံ၊ ထိုက်တန်တဲ့လွတ်လပ်ရေးကို ကိုယ်ပိုင်ရယူနိုင်ခဲ့တဲ့ မြန်မာတွေ၊ ဒေသတွင်းမှာ ခေါင်းဆောင်နိုင်ငံ၊ အာရှမှာ အများကအားကျရတဲ့ မြန်မာနိုင်ငံ၊ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ စင်မြင့်ပေါ်မှာ ဝင်ဆံ့ခဲ့တဲ့နိုင်ငံ စသော ဂုဏ်ဒြပ်တို့နှင့်ပြည့်စုံခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ မနက် ၈:၂၅ နာရီမှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ "ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း"ဆိုတဲ့ အသံလွှင့်ကြေငြာချက်နဲ့အတူ တဖြေးဖြေး ဆုတ်ယုတ်လာလိုက်တာ ၁၉၈၈ မှာ ဆင်းရဲသောနိုင်ငံ၊ ၂၀၁၆မှာ အာရှမှာ အဆင်းရဲဆုံးသော ဒုတိယနိုင်ငံအထိ ရောက်ရှိအောင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက တာဝန်ယူခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၅၄နှစ်က ခုလိုညကြီးမှာပေါ့။
လက်နက်အပြည့်အစုံ ကိုင်စွဲထားတဲ့ စစ်သားတွေအပြည့်နဲ့ အထူးလုံခြုံရေးတပ်တွေဟာ ရန်ကုန်မြို့ကြီးကို ဝိုင်းဝန်းလိုက်ပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပထစ အစိုးရ ဝန်ကြီးများ၊ ဝန်ကြီးချုပ်ဦးနု၊ လူမျိုးစုလွှတ်တော် ဥက္ကဌနှင့်ခေါင်းဆောင်များ၊ သမ္မတကြီး မန်းဝင်းမောင်၊ သမ္မတဟောင်း စဝ်ရွှေသိုက်နဲ့ လူမျိုးစုခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ နိုင်ငံရေးသမားများစွာကို မတ်လ ၂ ရက်နေ့ မိုးသောက်ယံ ၂ နာရီမှ ၄ နာရီအတွင်း ဖမ်းဆီးထိမ်းသိမ်းပြီး နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူပြီး အခြေအနေအရပ်ရပ်ကို ထိမ်းသိမ်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်မှူးကြီးတွေဟာ ဒီနေ့ ဒီညမှာ အာဏာသိမ်းဘို့ စနစ်တကျ ကြိုတင်ကြံစည်ခဲ့ကြတာပါ။ မတ်လ ၁ ရက်နေ့ ညမှာ တရုတ်ဘဲလေးသဘင်အဖွဲ့ရဲ့ နှုတ်ဆက်ပွဲညဖြစ်တာနဲ့အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ကြည့်ရှုအားပေးပြီး အမျိုးသားကဇာတ်ရုံပေါ်သို့ ကိုယ်တိုင်တက်ရောက်ပြီး ဆုချီးမြှင့်နှုတ်ဆက်ခဲ့ပါသေးတယ်။ ကပွဲက သန်းခေါင်ယံအချိန်မှ ပြီးပါတယ်။ ထိုအချိန်မှာ ပထစ အစိုးရက ဦးစီးဦးဆောင်လုပ်ပြီးခေါ်ယူကျင်းပတဲ့ ဖက်ဒရယ်မူဆိုင်ရာ တိုင်းရင်းသား လူမျိုးစုပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ဝန်ကြီးချုပ်ဦးနုနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မတ်လ ၁ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ကျင်းပနေချိန်ဖြစ်ပါတယ်။ လွှတ်တော်မှာ တိုင်းရင်းသားလူမျိုးစုတွေဘက်က ပြောချင်ရာပြောကြပေမယ့် အခြေခံသဘောတူညီချက်တွေကိုတော့ ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြောဆိုကြပြီးဖြစ်ကြောင်း သိရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များဟာလဲ ပြည်ထောင်စုထဲက ခွဲထွက်ဘို့ အရေးကိုတောင်းဆိုလိုကြတာ မဟုတ်ကြဘဲ ပြည်ထောင်စုကြီးကို သူတို့ခေတ်မှာမှ သေချာအောင် မစုစည်းနိုင်ကြရင် နောင်လာနောက်သားများ အခက်မတွေ့စေရန် စုပေါင်းအဖြေရှာပြီး ပြည်ထောင်စု တည်တံ့အောင်သာ အားထုတ်ရန် အဖြေရှာကြခြင်းဖြစ်ကြောင်း သိရပါတယ်။

မတ်လ ၇ ရက်နေ့မှာ တင်သွင်းမယ့် အစီရင်ခံစာနဲ့ ဆုံးဖြတ်အတည်ပြုချက်တွေကိုတောင် ပြင်ဆင်ထားကြပြီးကြောင်း သိရပါတယ်။ အဲဒီညက အစည်းအဝေးပြီးလို့ ပြန်လာကြရာမှာ ဝန်ကြီးချုပ်ဦးနုအိမ်ကို လူမျိုးစုခေါင်းဆောင်များပါ လိုက်ပါသွားကြပြီး ဗိုလ်ချုပ်ကြီးနေဝင်း တက်ရောက်ဆင်နွှဲနေတဲ့ အမျိုးသားကဇာတ်ရုံနားကအဖြတ်မှာ ဂီတသံကိုတောင် အပြင်က ကြားခဲ့ကြရပါတယ်။ ပြည်ထောင်စုအရေးကို တကယ်ကြိုးပမ်းနေကြတဲ့ လူမျိုးစုခေါင်းဆောင်ကြီးများဟာ နောက်နာရီပိုင်းအတွင်းမှာပဲ အထိမ်းသိမ်းခံကြရမှာနဲ့
သူတို့မျှော်မှန်း အကောင်အထည်ဖေါ်မယ့် ပြည်ထောင်စုအိပ်မက်တွေကို ဖျက်ဆီးပစ်မယ့် လူတစုရဲ့ ကြံစည်မှုကို လုံးဝ ရိပ်စားမိလိမ့်မယ် မထင်ပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်တွေဟာ စနစ်တကျ ပြင်ဆင်ခဲ့ကြပြီး ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးရာမှာလဲ ဝန်ကြီးချုပ်ကို မိတဲ့အခါ "လောက်ကောင် မိပြီ" ဆိုတဲ့စကားဝှက်ကိုသုံးခဲ့ကြပြီး အခြားဝန်ကြီးများကိုလဲ "ဖာသယ်" ၊ "မိန်းမရွှင်" "ဆိတ်လစေ့" ၊ "နှစ်ဘက်ချွန်" စသော အသုံးနှုံးများသုံးပြီး စော်ကားခဲ့ကြကြောင်း သိရပါတယ်။ ထိမ်းသိမ်းစက မင်္ဂလာဒုံက ဗဟိုနိုင်ငံရေးမှာထားခဲ့ကြပြီး၊ နောက်မှ ရေကြည်အိုင်မှတဆင့် အင်းစိန်ထောင်ကို အသီးသီးပို့ခဲ့ကြတာပါ။

အာဏာသာသိမ်းလိုက်တာ အကြောင်းပြချက်ရှာမရလို့ မတ် ၂ ရက် မနက်ကြမှ ဗိုလ်မှူးချုပ်အောင်ကြီးတင်ပြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုပြိုကွဲမှာကြောက်လို့ သိမ်းရကြောင်း အသားယူကြေငြာခဲ့ပါတယ်။ နောက် မတ် ၄ ရက်နေ့မှာ ပထစ၊ ပမညတ၊ ဖဆပလစတဲ့ ပါတီခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး တော်လှန်ရေးကောင်စီရဲ့ရပ်တည်မှုကို ရှင်းပြတယ်။ မတ် ၅ ရက်နေ့မှာ ပမညတက တော်လှန်ရေးကောင်စီကို ထောက်ခံတယ်။ မတ် ၈ မှာ ပါလီမန်ရွေးကောက်ပွဲကော်မရှင်ကို ဖျတ်သိမ်းပြီး ဧပြီ ၃၀ မှာ မြန်
မာဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာလိုက်ပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်လို့ အမည်ပေးတာကတော့ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပြီး policy အဓိကရေးဆွဲသူတွေကတော့ ဗိုလ်မှူးကြီးစောမြင့်၊ ဦးစောဦးနဲ့ ဦးချစ်လှိုင်တို့ဖြစ်ကြောင်း မှတ်သားရပါတယ်။

တည်မြဲဖဆပလကတော့ အခြေအနေများတည်ငြိမ်ရင် ပါလီမန်ရွေးကောက်ပွဲများ ပြန်ကျင်းပပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ပိုင်းမှာ ပါတီ ၃ ခုကို ပေါင်းစည်းဘို့ မပြေလည်တာ အကြောင်းပြပြီး ပါတီအားလုံးကို ဖျက်သိမ်းကာ စစ်တပ်က မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး တပါတီစနစ်နဲ့သာ သွားပါတော့တယ်။ နောက် နိုင်ငံရေးသမား ဖမ်းဆီးထိမ်းသိမ်းပွဲကြီးစလို့ သူ့တို့ အာဏာကိုသာ တည်ဆောက်ခဲ့တာ ၈၈ တိုင်အောင်ပါပဲ။ သမိုင်းကိုတောင် သူတို့ပဲမှန်သယောင်ရေးထားတဲ့သမိုင်းကို သင်ကြားပေးခဲ့တယ်။ ကျောင်းသားလူငယ်တိုင်း ဆိုရှယ်လစ်စနစ်ကို မယုံကြည်သော်လည်း မစားရ ဝခမန်း ရေးတတ် ပြောတတ်အောင် ငယ်စဉ်ထဲက ရိုက်သွင်းပေးခဲ့ပါတယ်။

မြေပိုင်ရှင်စနစ် ဖျက်သိမ်းရေးခေါင်စဉ်တတ်ပြီး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွေကို
၃၀.၁၂.၆၂ ကနေ ၁.၁.၆၃ စစ်ကိုင်း၊ အုန်းတောရွာမှာ ပထမအကြိမ်၊ ၃၀.၁.၆၃ မှ ၁.၂.၆၃ ထိ ဟသာင်္တ ဒူးယားရွာမှာ ဒုတိယအကြိမ်၊ ၃၀.၁၂.၆၃ မှ ၂.၁.၆၄ ထိ ကျောက်ပန်းတောင်း၊ ပုပ္ပားရွာမှာ တတိယအကြိမ်၊ ၂.၃.၆၄ မှ ၆.၃.၆၄ ထိ တောင်ငူ၊ ခပေါင်းရွာကြီးမှာ စတုတ္ထအကြိမ် ကျင်းပပေးခဲ့ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ ခပေါင်းနှီးနှောဖလှယ်ပွဲမှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

လွတ်လပ်ရေးရခါစခေတ်ကတော့ ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ကြောင်း မှတ်သားဖူးပါတယ်။ ကျွန်တော့် သဘောကတော့ သာယာဝတီသားကြီး လယ်သမားခေါင်းဆောင် ဆရာစံ ဖားရွှေကျော်တိုက်ပွဲကစတင်ပြီး နယ်ချဲ့ကိုလယ်သမားများ လက်နက်စွဲကိုင်တော်လှန်ခဲ့တဲ့ ၁၉၃၀ ဒီဇင်ဘာ ၂၃ ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်စေချင်တာပါ။

ကျေးဇူးရှင် တောင်သူလယ်သမားများကိုတော့ လေးစားပြီးသားပါ။ တောင်သူလယ်သမားများဘဝ မြင့်တက်နေပြီလားဆိုတာလဲ ဒီလိုနေ့မျိုးမှာ မေးသင့်ပါတယ်။
ထားပါတော့။ မြန်မာပြည်ရဲ့ ပထမဆုံးအာဏာသိမ်းပွဲကြီးအကြောင်း ပြန်ဆက်ကြရအောင်။ အာဏာသိမ်းပြီး မတ်လ ၆ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူကိုချပြဘို့ ဦးချစ်လှိုင်တို့ကို policy ရေးဆွဲခိုင်းစဉ် မှာခဲ့တာလေး တခုရှိတယ်။

" ဒီလိုရှိတယ်ကွာ ..... အခု ဒို့ လုပ်ကြည့်ကြမယ်။ ဆိုရှယ်လစ်ဇင်းပေါ့ကွာ၊
အေး .... လုပ်ရင်းလုပ်ရင်း လုပ်ကြည့်လို့ တိုင်းပြည် မကောင်းလာဘူး၊ ဒို့ မှန်းသလို မဖြစ်လာဘူးဆိုရင်တော့လဲ …. ကိုယ့်အချင်းချင်းတွေပဲကွာ၊ မြန်မာတွေ အချင်းချင်း ပြင်သင့်ရင်ပြင် ပြောင်းသင့်ရင် ပြောင်းကြတာပေါ့ကွာ"တဲ့။

တည်မြဲဖဆဖလခေါင်းဆောင် ဦကျော်ငြိမ်းကို ထိမ်းသိမ်းထားစဉ် သူ့စကားလေးနှင့် ချိန်ထိုးကြည့်ချင်ပါတယ်။
"ကိုနေဝင်းက တကယ်တော်တဲ့သူတယောက်ပါ၊ ဒါပေမဲ့ သူက စိတ်သိပ်မြန်တယ်၊ စိတ်လှုပ်ရှားလွယ်တယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေလို အရေမထူဘူး၊ တပ်မတော်ကိုဖြစ်ဖြစ်၊ သူ့ကိုဖြစ်ဖြစ် တစုံတယောက်က ပြောဆိုတဲ့အခါမှာ အလွန်ဒေါသထွက်ပြီး ချက်ချင်း တပ်ကထွက်မယ်ဖြစ်တတ်တယ်။ ဟိုတုံးက လူငယ်ကိုးဗျ။ ခုတော့ သူက ထိပ်ကလူ ဖြစ်နေပြီဗျ၊ ဟိုတုံးကလို ထွက်မယ်ပြောတော့မှာ မဟုတ်ဘူး၊ သူ့ကိုပြောမဲ့သူ ပြောတဲ့သူကို ရှင်းတော့မှာဗျ။ ဒါဆို သူ့ကိုပြောရဲသူ မရှိတော့ဘူး၊ ဒါဆို သူအင်မတန်ရွံမုန်းတဲ့ အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်လာနိုင်တယ်၊ တချိန်ထဲမှာပဲ မြန်မာဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး သူချမှတ်လိုက်တဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ အာဏာရှင်စနစ်ကြီးကို ထူထောင်မိရက်သား ဖြစ်သွားနိုင်တယ်ဗျ"တဲ့။

သိပ်တော်တဲ့ နိုင်ငံရေးသမားကြီး၊ ခေါင်းဆောင်တယောက်ရဲ့ မှန်းဆချက်။ အာဏာကြောင့် ပြောင်းလဲတတ်တဲ့ လူ့စရိုက်ကို သုံးသပ်ချက်။ ဒါတွေဟာ သမိုင်းမှန်တွေပါ။ဖြစ်တတ်တဲ့သဘောတွေနဲ့ ပျက်တတ်တဲ့ သဘောတွေပါ။

အဲဒီ အာဏာရှင်ကြီးဟာ နောင်မှာတရားအားထုတ်ခဲ့သတဲ့၊ နောက်ဆုံးတွေ့တဲ့အချိန် ပြောခဲ့တာကတော့ "ဟိုတုံးကသာ ဒီတရားတွေ သိခဲ့ရင် ၆၂ ကိစ္စကို မလုပ်ခဲ့ပါဘူး" တဲ့ ဗျာတို့။
အဲဒီအချိန်ကသာ အာဏာသိမ်းမှုကြီးကို မလုပ်ခဲ့ကြရင် လွတ်လပ်ရေးကို အတူရယူခဲ့ကြတဲ့ ယုံကြည်မှုလည်းတည်ဆောက်ပြီးဖြစ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်အချင်းချင်းရဲ့ ကြိုးပမ်းမှုကြောင့် ခိုင်မာတည်တံ့တဲ့ပြည်ထောင်စုကြီး ပေါ်ထွန်းခဲ့တာ ကျွန်တော်တို့မျိုးဆက်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

တိုင်းရင်းသားအချင်းချင်းလည်း ယနေ့တိုင် မဖြေရှင်းနိုင်တဲ့ကိစ္စတွေကို အမြှော်အမြင်နဲ့ပြည့်ဝတဲ့ ခေါင်းဆောင်တွေဆီက ကောင်းမွေများကို အပြည့်အဝ လက်ဆင့်ကမ်းရရှိခဲ့စေမှာပါ။ အမုန်းမီးနဲ့ ပြည်တွင်းစစ်မီးလည်း ငြိမ်းခဲ့တာကြာလို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးလည်း ကမ္ဘာ့အလည်မှာ ထွန်းတောက်စေခဲ့မှာပါ။

ဒါတွေပြောနေရတာဟာ ပြီးခဲ့တာတွေကို နောက်ကြောင်းပြန်ပြီး အပြစ်ဖို့နေတာ မဟုတ်ပဲ သမိုင်းထဲမှာ မအအောင် ဆင်ခြင်သုံးသပ်နိုင်ကြဘို့ပါ။ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားတွေပါ။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို တိုးတက်စေချင်တဲ့စိတ်ထားတွေ ရှိကြတာပါပဲ။ ဒါကြောင့် ပရိယာယ်ဝေဝုဝ်တွေနဲ့ ပတ်လည်ရိုက်မနေကြဘဲ တိုင်းချစ်ပြည်ချစ်စိတ် အမှန်တွေနဲ့ လောဘ၊ ဒေါသ၊ မာနများလျော့ကြပြီး သမိုင်းကိုသင်ခန်းစာများယူကာ အဖက်ဖက်က နိမ့်ကျနေတဲ့ ပြည်ထောင်စုကြီးကို ကာယ၊ ဉာဏ စွမ်းပကားတွေ အသုံးပြုပြီးကျရာ အခန်းကဏ္ဌက ပါဝင်ကြဘို့ တိုက်တွန်းလိုက်ရပါကြောင်း။ ။

ကောင်းမြတ်စံသူ
မတ်လ ၂ ရက် ၂၀၁၆

(ကျမ်းကိုး)
တာတေစနေသား။ ဦးနု
တစ်ရံရောခါများ ။ကိုကိုမောင်ကြီး
အာဏာရှင်ကြီး၏အတွင်းရေးများ။ ဒုဗိုလ်မှုးကြီး ကြည်ဆွေ( ငြိမ်း)
ကျွနိုပ်တို့နှင့် ဦးကျော်ငြိမ်း
၁၉၆၂ မတ်၂ အာဏာသိမ်းခြင်း။ ကျော်ဇင်
မတ်လအတွင်းလုယူသိမ်းပိုက်ခံရသောထို၂နေ့။ dub
တောင်သူလယ်သမားနေ့။ ရွှေမြန်မာ
ဒေါ်ခင်ကြည်ပြောပြတဲ့ လူ ၅ ဦး

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO