Image

Friday 22 January 2016

ဇနီးလောင်းကို ပေးထားရမယ့် ကတိ(၉)ခု

ဇနီးလောင်းကို ပေးထားရမယ့် ကတိ(၉)ခု

လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်ပြုတယ်ဆိုတာ အလောတကြီးလုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး ဆိုသည့်အတိုင်း လုပ်ဆောင်ပြီးရင် ပြင်ရခက်တဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ယနေ့ခေတ်လူမှုအသိုင်းအ၀ိုင်းထဲမှာ လက်ထပ်ထိမ်းမြားခြင်းရဲ့ အဓိပ္ပါယ်က ပျောက်ဆုံးလုနီးပါးဖြစ်နေပါပြီ။ တကယ်တော့ လက်ထပ်ထိမ်းမြားခြင်းဟာ အခြားလူသားတစ်ယောက်ကို ကတိက၀တ်ပြုခြင်း၊ အာမခံခြင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် အားပေးကူညီပြီး တစ်သက်တာလုံး လက်တွဲချစ်ခင်သွားဖို့ ကတိပြုကြတာပဲဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ဇနီးလောင်းကို ဘာတွေ ကတိပြုဖို့ လိုမလဲဆိုတာကို သိထားဖို့အတွက် စုစည်းဖော်ပြလိုက်ပါတယ်။

(၁)ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မင်းနားမှာ အမြဲတမ်းရှိနေပါမယ်။

အရေးကြီးဆုံးတစ်ခုဖြစ်ပါတယ်။ လူတိုင်းဟာ သာယာကြည်လင်တဲ့နေ့ရက်တွေ တစ်ယောက်နားတစ်ယောက် ရပ်တည်ပေးနိုင်ကြပေမယ့် မုန်တိုင်းထန်တဲ့အချိန်မှာလည်း ထီးတစ်ချောင်းတည်းကို အတူကိုင်ပြီး ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ဘ၀တစ်သက်စာလုံးအတွက် ရည်စူးပြီး ကတိပြုကြတဲ့အခါမှာ နာမကျန်းဖြစ်တဲ့အခါ ဒါမှမဟုတ် ကျန်းမာနေတဲ့အခါမှာ အတူရှိနေဖို့လည်း ပါဝင်ပါတယ်။ သာမန်နာမကျန်းဖြစ်တာမျိုးမဟုတ်ပဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးမှာလည်း ဘေးနားကနေ ဖေးမကူညီအားပေးနေနိုင်ဖို့ လိုပါတယ်။

(၂)ငါတို့နှစ်ဦးကိစ္စက အမြဲတမ်း ဦးစားပေးဖြစ်နေစေရမယ်။

ဟုတ်ပါတယ်။ အောင်မြင်ဖို့အတွက် ရုန်းကန်ရမှာပါ။ အလုပ်ကြိုးစားရမှာပါ။ ဒါပေမယ့် အလုပ်ချည်းဖိလုပ်ပြီး နှစ်ဦးသားဆက်ဆံရေးကို ထိခိုက်လာတာမျိုး မဖြစ်ပါစေနဲ့။ သင်တို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ်ထားကြတာဖြစ်ပါတယ်။ တကယ်တမ်းတော့ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတစ်ခုဟာ အတူဝေမျှခံစားဖို့ ချစ်တဲ့သူတစ်ယောက်ယောက်မှအနားမှာ မရှိခဲ့ဘူးဆိုရင် အဓိပ္ပါယ်မရှိသလို ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ ဘ၀ကို မျှတနေစေဖို့ လိုအပ်ပါတယ်။

(၃)ငါ မင်းကို ဘယ်လောက်ထိချစ်တယ်ဆိုတာကို မင်းမေ့မသွားစေဖို့ ကတိပြုတယ်။

တစ်ခါတစ်ရံမှာ စိတ်ရှုပ်စရာတွေကြုံတွေ့ရပြီး ကိုယ့်အတွက်အရေးပါတဲ့ သူတွေကိုတောင်မှ အလွယ်တကူ စွန့်လွှတ်ပစ်လိုက်တတ်ကြပါတယ်။ ရေရှည်လက်တွဲကြတဲ့အခါမှာ အကြီးဆုံးပြဿနာက တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြုပေးနိုင်စွမ်း မရှိတော့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ထိ အလေးအနက်ထားသလဲဆိုတာကို သိနေဖို့ လိုအပ်ပါတယ်။

(၄)ငါ့ရဲ့သီးခြားဖြစ်တည်မှု ပျောက်မသွားဖို့ ကတိပြုတယ်။

ပျော်ရွှင်ကြည်နူးနေကြတဲ့ ဆက်ဆံရေးတွေမှာ နှစ်ဦးစလုံးက အတူတကွပေါင်းစည်းနေပေမယ့် တစ်ဦးချင်းစီရဲ့ သီးခြားဖြစ်တည်မှုတွေ ပျောက်မသွားတာကို တွေ့ရပါတယ်။ သင်တို့နှစ်ယောက်ဟာ ပေါင်းစပ်သွားပြီး ကိစ္စအများစုမှာ အတူတူဖြစ်နေပေမယ့် တစ်ယောက်ချင်းစီရဲ့ ၀ါသနာ၊ အိပ်မက်၊ မျှော်လင့်ချက်တွေကတော့ သီးခြားစီ ရှင်သန်နေရမှာဖြစ်ပါတယ်။ ဒါကို တစ်ယောက်ယောက်က အတင်းတားမြစ်ပြီး ပြောင်းလဲယူမယ်ဆိုရင် စိတ်မချမ်းသာစရာတွေဖြစ်လာမှာ သေချာပါတယ်။

(၅)စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးဖို့ ကတိပြုတယ်။

သင့်ရဲ့ပါတနာကို ချစ်ခင်မြတ်နိုးကြောင်း အမြဲအသိပေးနေရမှာဖြစ်သလို စိတ်လှုပ်ရှားစရာလေးတွေလည်း ဖန်တီးပေးတတ်ရမှာ ဖြစ်ပါတယ်။ ညစာအတူထွက်စားတာ၊ ပြန်လာရင်ရေချိုးဖို့ အဆင်သင့်ပြင်ဆင်ပေးထားတာ၊ ပိတ်ရက်မှာ ခရီးတိုလေးသွားတာမျိုးလေးတွေ ဖန်တီးပေးလို့ ရပါတယ်။

(၆)ကလေးတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့ ကတိပြုတယ်။

ကလေးတွေဟာ သင့်ရဲ့ဘ၀မှာ ဦးစားပေးတစ်ခုအဖြစ်အရေးပါပြီး သူတို့ကို ချစ်ခင်ကြင်နာမယ်၊ သင်ပြပေးမယ်၊ ပြီးတော့ သင်ဂုဏ်ယူရတဲ့ လူသားတွေဖြစ်လာဖို့ ပျိုးထောင်ပေးတာတွေကလည်း အရေးကြီးပါတယ်။ ကလေးတွေ ရလာရင် ထိန်းကျောင်းပျိုးထောင်ပေးဖို့ လေ့လာသင်ယူထားဖို့လည်း လိုပါတယ်။

(၇)မင်းကို ရာနှုန်းပြည့် ချင်ခင်လေးစားနေမယ်လို့ ကတိပြုတယ်။

လူတိုင်းမှာ ချို့ယွင်းချက်ရှိတတ်ပါတယ်။ ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့ စိတ်မလုံခြုံမှုတွေ ရှိတတ်ပါတယ်။ ဒီလို အချက်တွေ သင့်ရဲ့ပါတနာမှာရှိနေရင်လည်း အပြည့်အ၀နားလည်လက်ခံပေးပြီး ချင်ခင်နေဖို့ ကတိပေးနိုင်ရမှာ ဖြစ်ပါတယ်။

(၈)မင်းရဲ့ အလှတရားကိုပဲ ချစ်တာမဟုတ်ဘူးဆိုတာ ကတိပြုတယ်။

ဟုတ်ပါတယ်။ လှလို့ပဲ ချစ်ကြတာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာအလှကိုပဲ တပ်မက်တွယ်တာမနေသင့်ပါဘူး။ လှလို့ ချစ်နေတာထက် ချစ်လို့ လှနေဖို့ လိုပါတယ်။ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာအလှထက် ရင်ထဲကနေ အမှန်တကယ်ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ ချစ်တတ်ဖို့ လိုပါတယ်။

(၉)ငါ ဘယ်တော့မှ ဖြစ်သလိုမနေဖို့ ကတိပြုတယ်။

တစ်ခါတစ်လေမှာ အိမ်ထောင်ကျပြီးတာနဲ့ ပြောင်းလဲသွားတတ်ကြပါတယ်။ အိမ်ထောင်ကျပြီး အသက်အရွယ်ရလာတာနဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်သွင်ပြင်တွေက ပြောင်းလဲလာတတ်ကြတာ မှန်ပေမယ့် အိမ်ထောင်ကျပြီးသွားပြီဆိုပြီး ဖြစ်သလိုနေ ဖြစ်သလိုစားနဲ့ ပုံပျက်ပန်းပျက် ဖြစ်မသွားဖို့ အဓိကကျပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်ပြီး သင်ချစ်တဲ့သူအတွက် ဘယ်လောက်အထိ အားထုတ်ကြိုးစားနေသလဲဆိုတာကို ဖော်ပြနိုင်ဖို့ လိုပါတယ်။ ရေရှည်လျှောက်လှမ်းရမယ့် အိမ်ထောင်ရေးလမ်းခရီးမှာ သင့်ရဲ့ပါတနာ စိတ်ပျက်လာစေနိုင်မယ့် ပုံပျက်ပန်းပျက်ပုံစံမဖြစ်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။

Credit: ;😂😂😂😂

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO