Image

Friday 22 April 2016

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောကြား တော်မူခဲ့သည့် စစ်တပ်တရားတော်

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောကြား တော်မူခဲ့သည့် စစ်တပ်တရားတော်

တပ်မတော်သားတွေအတွက် သီးသန့်ဟောကြားထားတဲ့တရားတော်ကို အမှတ်မထင် ဖတ်မိ လိုက်ပါတယ်။ အဲဒီတရားတော် က ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ဟောကြား တော်မူထားတဲ့ အသံတိပ်ခွေကို စာအုပ်အဖြစ် ပြန်လည်ရိုက်နှိပ် ထားတဲ့ ‘ဘာသာရေးပြဿနာများ နှင့် စစ်တပ်တရားတော်’ဆိုတဲ့ စာ အုပ်ဖြစ်ပါတယ်။

ယနေ့ရပ်ကွက်တိုင်းမှာ တရားပွဲတွေ ကျင်းပနေပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်း မှာ တရားပွဲကျင်းပတာရှိ၊ မရှိလက်လှမ်းမီသလောက် လေ့လာကြည့်တဲ့အခါ တရားပွဲကျင်းပလေ့မရှိတာကို သတိထားမိပါတယ်။ ယနေ့ခေတ်မှာ စစ်တပ်အ၀န်းအ၀ိုင်းမှာ တရားပွဲမကျင်းပနိုင်ကြပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က စစ်တပ်ထဲမှာ တရားပွဲကျင်းပတဲ့ အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။ ဒီတရားတော်ကြီးဟာ ရှေးရှေး စစ်တပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေအကြောင်းကို လူတိုင်းနားလည်အောင် ဟောကြားထားတာ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးအနေနဲ့ မြန်မာ့တပ်မတော်ကြီးကို တိုးတက်စေလိုတဲ့ စေတနာအ ပြည့်အ၀ရှိခဲ့တယ်ဆိုတာ ဆရာ တော်ဘုရားကြီး ဟောကြားခဲ့တဲ့ စစ်တပ်တရားတော်မှာ အပြည့်အ စုံဖတ်ရှုနာကြားခွင့်ရခဲ့ပါတယ်။ဒီတရားတော်ကြီးကို ပါလီမန်ခေတ် ၁၉၅၁ မေလ ၆ ရက်မှာ မင်္ဂလာဒုံစစ်တပ်မှာ ဟောကြားတော်မူခဲ့ပြီး တရားဟောဖြစ်တဲ့အကြောင်းကို နိဒါန်းနောက်ဆုံးပိုဒ်မှာ ‘‘...ထိုမျှလောက်ဘုန်းကြီးအားထားခဲ့သော စစ်တပ်က ဘုန်းကြီး၏ သြ၀ါဒတရားစကားကို ကြားနာလိုပါသည်ဟု (အစိုးရကျောင်းများအတွက် ဗုဒ္ဓဘာသာ သင်ခန်းစာရေးသားရန် ကိစ္စဖြင့် ရန်ကုန်မြို့သို့ ရောက်နေခိုက်မှာ) လျှောက်ထားကြလေရာ စစ်တပ်များကို သြ၀ါဒပေးရင်း သာသနာရေးလည်း ပါတန်သမျှ ပါသွားပါစေတော့ဟု သဘောထား၍ စစ်တပ်နှင့် သာသနာတော်သည် နိုင်ငံတော်၏အားထားရာဖြစ်ကြောင်း’’ ခေါင်းစဉ်ဖြင့် ဟောကြားတော်မူတဲ့အကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်တရားတော်ကို ရှေးသူတော်ကောင်းများနှင့် စစ်တပ်၊ စစ်တပ်နှင့် သာသနာကို လေးစားကြပုံ၊ စစ်သားများ၏ ကိုယ်ကျင့်တရားတော်ဆိုပြီး ခေါင်းစဉ် သုံးခုနဲ့ ဟောကြားတော်မူခဲ့ပါတယ်။

ရှေးသူတော်ကောင်းများနှင့် စစ်တပ်အကြောင်းကိုပြသော ပထမအခန်းပါ မိမိဘ၀ကို စဉ်းစား သင့်ကြောင်း ခေါင်းစဉ်အောက် မှာ အခုလို ဟောကြားတော်မူပါ တယ်။ ‘‘လူ့ဘ၀ထဲမှာပင် ယောက်ျားဘ၀၊ မိန်းမဘ၀၊ ရဟန်းဘ၀၊ စစ်သားဘ၀ စသည် ဖြင့် အမျိုးတူ၊ အဖြစ်တူဘ၀ငယ် များ ကွဲပြားလျက်ရှိသေးတယ်။ ဘယ်သူမဆို ငါ့ရဲ့ဘ၀ဟာ အောက်တန်းမှာလား၊ အထက် တန်းမှာလားဆိုတာကို ပထမစဉ်း စားပြီး ငါထမ်းဆောင်ရမယ့် တာ ၀န်တွေဘာများရှိသလဲလို့ ဒုတိယ စဉ်းစားရမယ်။ မိမိဘ၀ဟာ အောက်တန်းကျနေသေးလျှင် အထက်တန်းရောက်အောင် ကြိုး စားရမယ်။ အထက်တန်းရောက် ပြီးဖြစ်လျှင်လည်း ထိုအဆင့်အ တန်းနှင့် သင့်လျော်သော တာဝန် ကို ထမ်းဆောင်နိုင်အောင် ကြိုး စားရလိမ့်မယ်’’

‘‘ယခုအခါ ရဲဘော်လို့ ခေါ် နောက်ရတဲ့ တပည့်တို့ရဲ့ စစ်ဗိုလ် ဘ၀၊ စစ်သားဘ၀ဟာ နိုင်ငံတော် ၏တာဝန်ကို ထမ်းဆောင်နေရတဲ့ ဘ၀ဖြစ်သောကြောင့် အလွန်အ ထက်တန်းရောက်နေတဲ့ ဘ၀ဖြစ် ကြောင်းကို အမှန်အတိုင်းနား လည်စေချင်တယ်။ ရှေးမင်း ကောင်း မင်းမြတ်များနှင့် ဘုန်း ကြီးတို့ရဲ့ အလောင်းအလျာများ လည်း မိမိကိုယ်တိုင် စစ်သား၊ စစ်ဗိုလ်ဘ၀နှင့်ဖြစ်စေ၊ စစ်တပ်ကို အဖော်သဟဲလုပ်၍ ဖြစ်စေ နိုင်ငံတော်အကျိုး၊ သာသနာ တော်အကျိုးကို ရွက်ဆောင်ကာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှု ပါရမီကို ဖြည့်ကျင့်သွားကြတာ တွေ တွေ့ရတယ်လို့’’ ဟောကြား တော်မူပြီး မဟော်သဓာမင်းကြီး ရဲ့ အကြောင်းကို အခုလိုဆက် ဟောပါတယ်။ ‘‘ဒီနေရာမှာ အ လွန်ထင်ရှားတဲ့ အလောင်းတော် မဟော်သဓာကို စဉ်းစားကြည့်ကြ စမ်းပါ။ ၀ိဒေဟတိုင်းပြည်ကြီးရဲ့ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ တိုင်းပြည် နှင့်တကွ တစ်ရာ့တစ်ပါးသော မင်းတို့ကိုပင် ကယ်တင်ခဲ့တာ မဟုတ်ပါဘူး။ စူဠနီဗြဟ္မဒတ်မင်း က သမီးတော် ပဉ္စာလစန္ဒီနဲ့ ဖြား ယောင်းပြီး ၀ိဒေဟတိုင်းပြည်ကို အပိုင်စီးမယ်ကြံတုန်းက ဗိုလ်ချုပ် မဟော်သဓာကိုယ်တိုင် ဥမင် လိုဏ်ကိုဖောက်ပြီး ပဉ္စာလစန္ဒီကို ၀ိဒေဟရာဇ်မင်းနဲ့ ဂင်္ဂါမြစ်ကမ်း မှာ လက်ထပ်ပေးလိုက်တယ်’’လက်ထပ်ပြီးလို့ လှေတော် ကြီးထွက်ခါနီးမှာ ၀ိဒေဟရာဇ်မင်း က ကမ်းပေါ်မှာရပ်နေတဲ့ မဟော် သဓာကို လှေတော်ပေါ်တက်ပြီး တစ်ခါတည်းလိုက်ခဲ့ပါလားလို့ မိန့်တော်မူတဲ့အခါ မဟော်သဓာ က ပြန်၍ သံတော်ဦးတင်တဲ့ စကားဟာ ဗိုလ်လုပ်သူတိုင်း မှတ် စရာကောင်းတယ်လို့ ဆရာတော် ကြီးက အခုလိုဟောကြားထားပါ တယ်။

‘‘...စစ်တပ်ရဲ့ ရှေ့ဆောင် လုပ်တဲ့ သားတော်တို့လို ဗိုလ်ချုပ် က ကိုယ့်အောက်ငယ်သား စစ် သည်တော်များကို ရန်သူတို့အ ကြားမှာ ပစ်ထားခဲ့၍ ကိုယ်လွတ် ရုန်းသွားတယ်ဆိုတာ ထုံးစံ မဟုတ်ပါ။ စစ်သည်တော်အား လုံးကို ရန်သူ့လက်တွင်းမှ လွတ် ကင်းအောင် ဆောင်ကြဉ်းပြီး လိုက်ခဲ့ပါမယ် ..’’ဆိုပြီး ဘုရင့်ထံ သို့ သံတော်ဦးတင်လိုက်ပါတယ်။ အဲဒီအချိန်ဟာ ညဥ့်အချိန်ဖြစ်နေ ပြီး ၀ိဒေဟရာဇ်မင်းကြီးနဲ့ ပါလာ တဲ့ စစ်သားတွေဟာ ခရီးပန်းပြီး အိပ်ပျော်နေကြတယ်။ အချို့က စားကြ၊ သောက်ကြနဲ့ ပျော်နေ ကြတယ်။

မဟော်သဓာနဲ့အတူ ဥမင်လိုဏ်ဖောက်ရာမှာ ပါဝင်တဲ့ ရဲဘော်အချို့က မကျန်းမမာ ဖြစ် နေကြတယ်။ ဒီလို ကိုယ့်စစ်သား တွေအားလုံးကို ငဲ့ညှာပြီး ဘယ်သူ့ ကိုမှ ပစ်မထားနိုင်ပါဘူးလို့ သံ တော်ဦးတင်လိုက်တာ ဖြစ်တယ်။ စစ်ရဲ့ ဦးစီးခေါင်းဆောင်လုပ်နေ ကြတဲ့ ကြီးကြီးငယ်ငယ် စစ်ဗိုလ် များဟာ မိမိရဲ့လက်အောက်ငယ် သားများကို အမြဲညှာတာရမယ်။ စစ်သားဘ၀၊ စစ်ဗိုလ်ဘ၀ဆိုတာ မဟော်သဓာနှင့် မဟော်သဓာကို ကူညီနေတဲ့ ရဲဘော်များရဲ့ ဘ၀ မျိုးဖြစ်လေတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့စိတ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ဘ၀မျိုးဖြစ်တယ်’’ လို့ ဟောကြားတော်မူပါတယ်။

ဗိမ္ဗိသာရမင်းကြီး အကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်ဘုရား ကြီးက ‘‘ဗိမ္ဗိသာရမင်းကြီးဟာ ဘုရားနဲ့ ပထမဆုံးတွေ့တဲ့ အချိန် တုန်းကပဲ သောတာပန်ဖြစ်တယ်။ သောတာပန်ဘုရင်ကြီးက တိုင်း ပြည်အုပ်ချုပ်တဲ့နေရာမှာ စစ်တပ် ကိုပင် အဖော်သဟဲလုပ်၍ အုပ် ချုပ်တာကို တွေ့ရတယ်။ ရာဇ ဂြိုဟ်ပြည်ရဲ့ အစွန်အဖျားမှာ သူ ပုန်ထတယ်။ အဲဒီအခါမှာ သော တာပန် ရှင်ဘုရင်ကြီးက စစ်တပ် ကို လွှတ်ရတယ်။ စစ်တပ်ကို လွှတ်တဲ့အခါ အမိန့်ပေးတဲ့စကား ဟာ အလွန်မှတ်သားစရာ ကောင်းတယ်။ ဂစ္ဆထ ဘဏေ၊ ပစ္စန္တံဥစ္စိနထ=အမောင်တို့သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေတဲ့ အစွန်အဖျား ရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြတဲ့။ သောတာပန်ရှင်ဘုရင်ကြီးရဲ့ စကားသုံးနှုန်းပုံဟာ ဘယ်လောက် အပြစ်ကင်းသလဲ၊ စိတ်ထဲမှာလည်း ရွာတွေပျက်စီးနေတာ၊ လူတွေ၊ အိမ်ခြေ ရာခြေမတည်ဖြစ်နေတာကို ကြားရတော့ သနားကရုဏာ ဖြစ်ပါလိမ့်မယ်။ အဲဒီက ကရုဏာကို အရင်းခံပြီးတော့ လူတွေနေနိုင် ထိုင်နိုင်အောင်၊ လယ်ယာများကို လုပ်ကိုင်နိုင်အောင် စောင့်ရှောက် ချေကြလို့ အမိန့်ပေးရတာပဲ။ ဒီ တော့ သောတာပန်ရှင်ဘုရင်ကြီး မှာ စစ်တပ်ကို အဖော်သဟဲလုပ် ပြီး တိုင်းပြည်ကို အုပ်ချုပ်နေပေ မယ့် စိတ်မှာရော၊ နှုတ်မှာရော ဘာအပြစ်မှ မရှိဘူးဆိုတာကို သင်ခန်းစာတစ်ရပ်အဖြစ်ဖြင့် မှတ်သားစေလိုတဲ့အကြောင်း’’ ဟောကြားထားပါတယ်။

ဓမ္မာသောကမင်းကြီးနဲ့ ပတ် သက်လို့ ‘‘ဗုဒ္ဓဘာသာဝင်မင်းများ တွင် အထင်အရှားဆုံးဖြစ်တဲ့ သီရိ ဓမ္မာသောကမင်းကြီးကို ကြည့်ဦး မလား။ ဘုန်းလက်ရုံးအင်အားဖြင့် ဇမ္ဗူဒိပ်ခေါ်တဲ့ အိန္ဒိယတစ်ဝန်း လုံးကို သိမ်းကျုံးလွှမ်းမိုးပြီး တရား မင်းကြီးအဖြစ်နဲ့ အုပ်စိုးနိုင်ခဲ့တယ်။ အဲဒီအုပ်စိုးတဲ့နေရာမှာ (လက်ညှိုး ညွှန်ရာ ရေဖြစ်ရတယ်ဆိုတာမျိုး လို) ဘုန်းတန်ခိုးချည်း မမှတ်ကြနဲ့။ စစ်တပ်ကလည်း စွမ်းရည်သတ္တိ နှင့် ဘုရင့်အပေါ်မှာ သစ္စာရှိလို့ သာ အုပ်စိုးနိုင်တာ ဖြစ်တယ်။ အဲဒီလိုအုပ်စိုးပြီး သာသနာတော် အကျိုးရွက်ဆောင်ပုံကိုတော့ မပြောနှင့်တော့။ အိမ်ရှေ့မင်းအ ရာကို မှန်းထားတဲ့ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာကိုပင် သာသနာတော် တွင်း သွင်း၍ ရင်းရင်းနှီးနှီး ချီး မြှောက်တော်မူတယ်။ တိုင်းသူ ပြည်သားတွေ တရားမျှတအောင် တရားကျောက်စာတိုင်တွေ အနှံ့ အပြားစိုက်ထူကာ ဘာသာရေးကို လည်း ကြိုးစားတော်မူခဲ့တယ်။ ယခုမြန်မာနိုင်ငံမှာရှိတဲ့ သာသနာတော်ဟာ ထိုမဟိန္ဒမထရ်မှ ဆက်သွယ်လာတဲ့ သာသနာတော်ဖြစ်တဲ့အကြောင်း အကယ်၍ ဓမ္မာသောကမင်းမှာ ဘုန်းတန်ခိုးနဲ့ စစ်တပ်အင်အားနည်းပါးခဲ့ပါမူ ယခု အခါ မြန်မာနိုင်ငံ၌ သာသနာရှိ ကောင်းမှ ရှိမယ်။ ဒါကြောင့် အား လုံးသော စစ်ဗိုလ်၊ စစ်သားတွေမှာ သာသနာကို စောင့်ရှောက်လိုတဲ့ စိတ်လည်း အမြဲရှိစေလိုတယ်အ ကြောင်း’’ကို ဟောကြားဆုံးမ တော်မူပါတယ်။

‘‘ဒုဋ္ဌဂါမဏိအဘယမင်းကြီး ဟာ သူရဲကောင်း ဗိုလ်မှူးတစ် ကျိပ်နဲ့အတူ သာသနာပြုလိုသော ဇောဖြင့် ရန်သူများကို သုတ်သင် ခဲ့ရှာတယ်။ ထိုမင်းအတွက်မှာ သာသနာစိတ်နှင့် စစ်စိတ်ကို ခွဲ မရအောင် တွဲနေတယ်။ သူစွဲကိုင် သော လှံမှာပင် ဘုရားဓာတ်တော် ကို ဌာပနာထားသတဲ့။ သူသစ္စာ ဓိဋ္ဌာန်လေ့ရှိတဲ့ စကားမှာလည်း မိမိချမ်းသာရေးအတွက် ကြိုးစား ခြင်း မဟုတ်ပါ။ ဘုရားသာသနာ တော်ကို ခိုင်မြဲစွာတည်စေလို သောကြောင့်သာ ကြိုးစားခြင်း ဖြစ်ပါသည်’’ဟု သစ္စာပြုလေ့ရှိတဲ့ အကြောင်း ဟောကြားပြီး ‘‘ဒီနေရာ မှာ သင်ခန်းစာယူစေလိုတာက ဘယ်မြို့ ဘယ်ရွာမဆို မိမိတို့စစ် တပ်ရောက်နေတဲ့ နေရာတိုင်းမှာ ရဟန်းသံဃာများ တွေ့နိုင်ပါ တယ်။ ထိုသို့တွေ့ရာ၌ ရဟန်း တော်များနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံကြစေလိုတယ်။ အကယ်၍ အနေအထိုင်မှာ မကျေနပ်စရာတွေ့လျှင်လည်း အခါကောင်းတဲ့တစ်နေ့မှာ သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ငါတို့ဆောင်ရွက်မယ်လို့ အဓိဋ္ဌာန်ပြုခဲ့ပါ။ ပြီးတော့ မည်သည့်ဘာသာ ၀င်မဆိုဆိုင်ရာဘာသာဝင်များ၏ အဆောက်အအုံများကိုလည်း စွမ်းနိုင်သမျှ လေးစားကြပါ’’လို့ ဆုံးမဟောကြားတော်မူပါတယ်။

ဒုတိယအခန်းမှာ စစ်တပ်နှင့် သာသနာကို နိုင်ငံကလေးစားပုံအ ကြောင်းနဲ့ပတ်သက်ပြီး ဆရာ တော်ကြီးက‘‘ဘုန်းကြီးတို့ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ သာ သနာတော်ကို လေးစားသလို စစ် သားများကိုလည်း အလွန်လေး စားကြတယ်။ မြန်မာရာဇ၀င်အ စောင်စောင်မှာ အချောင်သမား ရှင်ဘုရင်များထက် မိမိကိုယ်တိုင် တိုက်ဝံ့၊ ခိုက်ဝံ့သော ဗိုလ်ချုပ်ရှင် ဘုရင်များက သာ၍ ထင်ရှား ခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတို့ လက်ထက်မှာ နိုင်ငံတော်အလွန်ကျယ်ပြန့်ခဲ့တယ်။ အနော်ရထာမင်းဟာ သူ
ကိုယ်တိုင် စစ်ဗိုလ်ဟုတ်၊ မဟုတ် မသိရသော်လည်း သူ့ရဲ့လက်အောက်က ကျန်စစ်သားစသော ဗိုလ်ချုပ်ကြီးတွေရှိလို့ နိုင်ငံတော်ကို ချဲ့ထွင်နိုင်ခဲ့တယ်မဟုတ်လား။ ရှင်ဘုရင်မဟုတ် သော်လည်း တိုင်းပြည်ကို အဟုတ်ချစ်ပြီး သတ္တိရှိတဲ့ မင်းကြီးရန်နောင်၊ မင်းကြီးမဟာဗန္ဓုလတို့ ကိုလည်း တိုင်းပြည်က ယခုတိုင်လေးစား လျက်ရှိသေးတယ်။ ဟိုးရှေးက အကြောင်းတွေထား လိုက်ဦး။

ဗိုလ်ချုပ်အောင်ဆန်းကို လူတွေ ရိုသေတာ ဘာအရှိန်လဲ။ တိုင်းပြည်ကို အဟုတ်ချစ်၍ ရိုးသားဖြောင့်မတ်သော ဗိုလ်ချုပ်ဆိုတဲ့ နာမည်အရှိန်ပဲ၊ သူ့ကိုတိုင်းပြည်က ဘယ်လိုသိနေသလဲ။ အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်ကိုသွားတယ်။ နောက် ဂျပန်တွေကိုခေါ်လာပြီး မတရားဘူးထင်တဲ့ ဂျပန်တွေကို တိုက်ထုတ်ပြန်တယ်။ နောက်အင်္ဂလိပ်တို့ထံမှ လုံးဝလွတ်လပ်ရေးကို တောင်းဆို တယ်။ မရလျှင် ချမယ်လို့လည်း အသံထွက်လာတယ်။ မှန်မှန်ပြော တယ်။ ကိုယ်ကျင့်ကောင်းတယ်။ မည်သူ့အပေါ်မှာမဆို ဖြောင့်မတ် တယ်။ နိုင်ငံရေးတွင် နိုင်ငံ့အကျိုး ကြည့်ပြီး မည်သူ့ကိုမဆို ပေါင်းနိုင် တယ်။ ရန်ငြိုးဖွဲ့တတ်တဲ့ သဘော မရှိဘူး။ အဲဒီအချက်အားလုံး စုပေါင်း၍ သတ္တိကောင်းသော ဗိုလ်ချုပ်လို့ တိုင်းပြည်ကသိနေကြ တယ်။ တိုင်းပြည်က ဗိုလ်ချုပ်တို့လိုလူကိုမှ လေးစားတာမဟုတ်ပါဘူး။ တိုင်းပြည်ကို အဟုတ်ချစ်ပြီးအချက်ကျကျ ရွက်ဆောင်ပေးလျှင် သာမန်စစ်သားကိုလည်း လေးစားတာပဲ’’လို့ ဟောကြား တော်မူခဲ့ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရရင် စစ်အာဏာရှင် ခေတ် တစ်လျှောက်လုံးမှာ ဗိုလ်ချုပ်ရဲ့ ဂုဏ်ကျေးဇူးတွေကို ဆိတ်သုဉ်း စေခဲ့တာကလည်း စိတ်မကောင်း စရာ ဖြစ်ခဲ့ရပါတယ်။ လွတ်လပ် ရေးမရခင်မှာ ဗိုလ်ချုပ်ကိုလုပ်ကြံ တာ ဂဠုန်ဦးစောဖြစ်ပြီး လွတ် လပ်ရေးရပြီး နောက်ပိုင်း ဗိုလ်ချုပ် ကိုလေးစားတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကိုလုပ်ကြံတာကတော့ စစ်အာဏာရှင် အုပ်စုလို့ပဲ ပြောရ မယ် ထင်ပါတယ်။ သူတို့ဘယ် လောက်ပဲ ကွယ်ပျောက်အောင် လုပ်နေပေမယ့် ပြည်သူတွေရဲ့ စိတ်ထဲက ခံစားချက်တွေ၊ လေး စားမှုတွေ၊ ကြည်ညိုမှုတွေကို တော့ ကမ္ဘာတည်သရွေ့ ဖျောက် ဖျက်လို့ မရဘူးဆိုတာ သတိထား စေချင်ပါတယ်။ လူတစ်ဦးတစ် ယောက်ကို အမိန့်အာဏာတွေနဲ့ ကြည်ညိုခိုင်းလို့ မရသလို မကြည် ညိုနဲ့လို့လည်း တားဆီးပိတ်ပင်လို့ မရပါဘူး။ မိမိတို့ကိုယ်တိုင် သမိုင်းကြောင်းကောင်းအောင် လုပ်ဖို့လို ပါတယ်။ ပြည်သူတွေအားကိုး၊ ယုံကြည်တဲ့ခေါင်းဆောင်ကောင်း တွေကိုလည်း ဦးဆောင်ခွင့်ပေးရ မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး စစ်သားများ ၏ ကိုယ်ကျင့်ကိုပြသော တတိယ အခန်းမှာ ကြောင်းကျိုးဝေဖန်ပုံ ခေါင်းစဉ်နဲ့ အနော်ရထာမင်းကြီး လက်ထက်က အရည်းကြီးတွေ အကြောင်း၊ သထုံပြည်က ရှင် အရဟံကြွရောက်လာပြီး သာသ နာတော်ထွန်းကားတဲ့အကြောင်း ကို ဟောကြားတော်မူပါတယ်။ စစ်တပ်နဲ့ပတ်သက်လို့ ဆရာ တော်ကြီးက ‘‘နိုင်ငံက စစ်သည် တော် တပ်သားတွေကို လေးစား ခြင်း၏အကြောင်းကို စဉ်းစားကြ စို့။ အနော်ရထာစသော ရှေးမင်း ကောင်းတို့ လက်ထက်ကပင် နိုင်ငံတော် တိုးတက်အောင်၊ လုံ ခြုံအောင် စစ်တပ်စောင့်ရှောက်ခဲ့ ပုံမှာ ယခုထိထင်ရှားနေတယ်။ ပြီး တော့ များစွာသော စစ်သားတွေ က ဆွေမျိုးဉာတိသားမယားနှင့် ခွဲပြီး နိုင်ငံတော်တာဝန်ကို ထမ်း ဆောင်နေရှာကြတယ်။ အနစ်နာ ခံစရာရှိလျှင် သူတို့ပင် အနစ်နာ ခံရှာကြတယ်။ ဒါကြောင့် စစ်သား ဆိုလျှင် တိုင်းပြည်၏ အကျိုးကိုအ သက်ပေး၍ ထမ်းဆောင်နေကြ သည်ဟု နားလည်ခြင်းသည်အ ကြောင်း၊ စစ်သားတို့ကို လေးစား ခြင်းသည် အကျိုးဟု အကြောင်း အကျိုးထင်ရှားစေတယ်။ အချို့ က စစ်သားကိုကြောက်လို့ လေး စားတာ ရှိတယ်။ အဲဒီကြောက်လို့ လေးစားတာကိုတော့ မောင်တို့ တစ်တွေ အသားမယူလေနဲ့။ မကောင်းသောလေးစားခြင်း ဖြစ် တယ်။ ဒါကြောင့် တိုင်းပြည်တာ ၀န်ကို ထမ်းဆောင်ခြင်းဆိုတဲ့အ ကြောင်း ကောင်းလို့ လေးစားခံရ ခြင်းဆိုတဲ့ အကျိုးရလျှင် အ ကြောင်းမကောင်းတဲ့အခါ မလေး စားခြင်းအကျိုးကိုလည်း ရမှာပဲ ဆိုတာကို အပြန်အလှန်နားလည် ကြ။ တိုင်းပြည်က လေးစားမှုဆို တဲ့ အကျိုးတရားမပျက်ပြား အောင် စစ်သားတိုင်းရှိသင့်သော ကိုယ်ကျင့်တရားအကြောင်းများ ကိုလည်း ကြိုးစား၍ ထိန်းသိမ်း ကြစေလိုတယ်’’လို့ ဟောကြားပါ တယ်။

ကိုယ်ကျင့်ပြုပြင်ရေး ခေါင်း စဉ်အောက်မှာ ဆရာတော်ကြီးက ‘‘ဘုန်းကြီးတို့ မြန်မာလူမျိုးများက သင်္ခါရပဲ၊ ပျက်မှာပေါ့လို့ သုံးစွဲနေ ကြတယ်။ ဘုန်းကြီးကတော့ သင်္ခါ ရပဲ၊ ပြုပြင်လိုက်ရလျှင်ရတာပေါ့ လို့ (လောကီကြီးပွားရေးမှာ) သုံးစွဲစေချင်တယ်။ အကြောင်း တရားတွေပြုထားလို့ ဖြစ်သမျှ အကျိုးကို သင်္ခါရလို့ခေါ်တယ်။ ဒီတော့ အကြောင်းကောင်းလေ အပြုအပြင်ကောင်းလေ သင်္ခါရ ဖြစ်တဲ့ အကျိုးတရားကောင်းလေ ပဲ။ ဒါကြောင့် စစ်သားများကို ကျန်းမာရေးနှင့်တကွ ကိုယ်ကျင့် ကောင်းအောင် ပြုပြင်ပေးရမယ်။ နိုင်ငံခြားစစ်တပ်နှင့် လူအင်အား၊ လက်နက်အင်အား ကွာခြားစေ ကာမူ တစ်ယောက်ချင်း ယှဉ် ကြည့်လျှင် အောက်ကျနေမှာ မခံချင်ဘူး။ ဘယ်နေရာကမှ အောက် မကျစေချင်ဘူး။ ကျန်းမာရေးကို အမြဲလေ့ကျင့်ကြပါ။ ကျန်းမာရေး နှင့် ဆန့်ကျင်တဲ့ အပျော်အပါး အားကြီးမှုကို ရှောင်ကြပါ။ စစ်ယူ နီဖောင်းကို ၀တ်လိုက်သည်နှင့် တစ်ပြိုင်နက် ငါဟာ အရပ်သား မဟုတ်။ စစ်သားပဲဆိုတာ သတိ
ထားလိုက်ပါ။

ယူနီဖောင်းဝတ်ပြီး လမ်းသွားတဲ့အခါ တောင့်တောင့် တင်းတင်း သွားပါ။ ယူနီဖောင်း ၀တ်ပြီးတော့ အိမ်ကြို အိမ်ကြား မှာလည်းမနေပါနှင့်။ ငါစစ်သား ပဲဆိုတဲ့ မာနနှင့် အရပ်သူ၊ အရပ် သားကို မစော်ကားပါနှင့်။ ယူနီ ဖောင်းဝတ် စစ်သားတစ်ယောက် မကောင်းလျှင် အားလုံးပင် အကဲ့ ရဲ့ခံရပါလိမ့်မယ်။ ပြီးတော့ ယူနီ ဖောင်းဝတ်ထားတဲ့အခါမှာ စကားအပြောကိုလည်း ယဉ်ယဉ် ကျေးကျေး ပြောတတ်ဖို့ အလေ့ လုပ်ပါ။ စစ်သားဆို နဂိုက ကြောက်နေကြတဲ့သူတွေကို ထန် ထန်မာမာ ပြောလျှင် ကြောက်ရာ က မကြည့်ချင်အောင် ရွံမုန်းလာ မှာ စိုးရပါတယ်။ ချိုချိုသာသာ ပြောလျှင်တော့ မုန်းမယ့်အစား အားကိုးချစ်ခင်လာပါလိမ့်မယ်။ စိတ်ကလည်း ငါဟာလူအများရဲ့ ကြောက်စရာ၊ ရွံမုန်းစရာ မဖြစ် စေဘဲ အားကိုးစရာ ဖြစ်စေရမယ် လို့ အမြဲသတိထားကာ ဘယ်နေ ရာမဆို ကယ်ဆယ်ဖို့ကိုသာ ရှေး ရှုကြပါ’’လို့ ဆုံးမတော်မူပါတယ်။ ဒီနေ့ခေတ်ရဲ့ စစ်တပ်အပေါ် ပြည် သူလူထုရဲ့ အမြင်ကို ကြည့်ရင် စစ်ဗိုလ်၊ စစ်သားရဲ့ အဆင့်အ တန်း ဘယ်လောက်ရှိမလဲဆိုတာ သိနိုင်ပါတယ်။ ပြည်သူအများစု ကတော့ ခုအချိန်မှာ စစ်သားကို လေးစားတယ်။ စစ်သားကို ချစ်ခင်တယ်ဆိုတာ မရှိတော့ပါ။ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေနဲ့ မိသားစုဝင်တွေသာပဲ စစ်တပ်ကို အကောင်းမြင်ပါတယ်။

တရားနိဂုံးချုပ်အနေနဲ့ ဒီလို စစ်တပ်တွေကို ရှေးရှေးတုန်းက သောတာပန်ဗိုလ်ချုပ်တွေပင် အုပ်ချုပ်နေကြဖူးတယ်လို့ သင် ခန်းစာယူပြီး ယခုအခါ ဗိုလ်ချုပ် များလည်း (ကြမ်းသင့်တဲ့နေရာမှာ ကြမ်းပေမယ့်လို့) အမြဲအားဖြင့် တော့ နူးညံ့နိုင်သမျှ နူးညံ့ကြပါ လို့ သတိပေးတော်မူပါတယ်။ ပြည် ထောင်စုမြန်မာနိုင်ငံတော်၏ အဓိကဌာနမှာ သာသနာတော်နှင့် စစ်တပ်ပင်ဖြစ်သည်ဟု ဘုန်းကြီး စဉ်းစားသလို အမောင်တို့ ရဲဘော် တပည့်များလည်း စဉ်းစားကြပြီး လျှင် စစ်တပ်ကြောင့် နိုင်ငံတော် ခံ့ညား၍ သာသနာကြောင့် တိုင်း သူပြည်သားတို့ အသိဉာဏ်တိုး ပွားအောင် အသီးသီးကြိုးစားကြ ရာဝယ် ကိုင်းကိုကျွန်းမှီ၊ ကျွန်းကို ကိုင်းမှီ ဆိုသည့်အလား အချင်း ချင်းအားထားလျက် ကြိုးစားကြ ရလိမ့်မယ်။ ဒါကြောင့် ဒုဋ္ဌဂါ မဏိအဘယမင်းဟာ မိမိချမ်းသာ ဖို့ ကြိုးစားနေတာ မဟုတ်ပါ။ သာ သနာကိုတည်တံ့အောင်ထားနိုင် ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်ဟု သစ္စာပြုသလို အမောင်တို့လည်း တိုင်းပြည်နှင့် သာသနာခိုင်မြဲ အောင် ငါတို့ကြိုးစားခြင်း ဖြစ်ပါ တယ်လို့ သစ္စာပြုကာ တိုင်းပြည် အကျိုး၊ သာသနာအကျိုးကို ထမ်း ဆောင်နိုင်သော သားကောင်း ရတနာတွေ ဖြစ်နိုင်ကြပါစေ’’ဆို ပြီး တရားနိဂုံးချုပ်တော်မူပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က ဆရာတော် ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်ကြီးက ယနေ့အထိ ခေတ်မီနေသလို နောင်လည်း ခေတ်မီနေဦးမှာ ဖြစ်ပါတယ်။ ယခုအချိန်အခါမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အလိုအပ် ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ပြည်သူ ချစ်တဲ့ခေါင်းဆောင် တိုင်းပြည်ကို ဦးဆောင်ခွင့်ရရှိရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ လိုအပ်ချက်တွေအတွက် တိုင်းပြည်ကို အမှန်တကယ်ချစ်တဲ့စိတ်နဲ့ အချက်ကျကျ ဆောင်ရွက်ပေးနိုင်ဖို့ တရားတော်ထဲမှာပါတဲ့ ဟောကြားဆုံးမထားတာတွေကို နမူနာယူပြီး တိုင်းပြည်နဲ့လူမျိုးအတွက်အကောင်းဆုံးဆောင်ရွက်ပေးနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။ ။

ရည်ညွှန်း -
ဘာသာရေး ပြဿနာ များအဖြေနှင့် စစ်တပ်တရား တော်၊ အမရပူရမြို့၊
မဟာဂန္ဓာ ရုံဆရာတော်ဘုရားကြီး အရှင်ဇန ကာဘိဝံသ၊ ၁၉၉၇ ခုနှစ်။

ကိုရဲ(ရွှေတြိဂံ)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO